
ထိုင်းပင်လယ်ကမ်းခြေအလှကို ရိုက်ကူးပြသထားတဲ့ MV (music video) သီချင်းမှာ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူ လူထုတွေက ဝေဖန်နေကြပါတယ်။
သီချင်းခေါင်းစဉ်မှာ သဲနဲ့ပင်လယ်လို့အမည်ရပြီး တေးသံရှင် “တူ”ခေါ် နန်ထိဒါး ကယော က်ဝိုဆိုင်က သီဆိုထားတာပါ။ ထိုင်းနိုင်ငံမှာ သာယာလှပတဲ့ ပင်လယ်ကမ်းခြေတွေရှိကြောင်း ဝန်ကြီးချုပ်ကိုယ်တိုင်သရုပ်ဆောင်ကာ လူတွေစိတ်ဝင်စားအောင် လုပ်ဆောင်ပြတာကို ချီးမွှမ်းတဲ့သူ တွေရှိသလို ဝေဘန်မှုတွေလည်း ခံနေရတာဖြစ်ပါတယ်။
“ဝန်ကြီးချုပ် Mask မတပ်ဘူးလား၊ အစိုးရအဖွဲ့ ဖူးကက် ကရပီလာပြီး ကွင်းဆင်း စစ်ဆေးတယ်ဆိုလို့ လက်စသတ်တော့ MV လာရိုက်တာ၊ ပင်လယ်မှာကျွဲကြီးရောက်နေ၊ ပြည်သူတွေ ရေဘေး၊ ကိုဗစ်ဘေးကြောင့်ငတ်လို့သေနေပြီ၊ ဝန်ကြီးချုပ်က ကမ်းခြေမှာ သာယာနေ၊ ပင်လယ်ထဲက အမှိုက်၊ သီချင်းမူပိုင်ခွင့်ရောတောင်းရဲ့လား၊ ကိုဗစ်ကို အရင်ရှင်းထုတ်ပါဦး” စသဖြင့် ထိုင်းပြည်သူတွေက အမျိုးမျိုး ဝေဖန်နေကြတာပါ။
ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ်ကျန်အိုးချားဟာ သူဝန်ကြီးချုပ်စဖြစ်ကတည်းက ဒီကနေ့ထိ “ထိုင်းကိုစိတ်ချမ်းသာမှုတွေပြန်ပေးခြင်း”၊ “မင်းဟာထိုင်းနိုင်ငံမို့ပါ”၊ “တံတား”၊ “နေ့သစ်”၊ “ဒီရေမြေကိုကာကွယ်မယ်” စတဲ့ မျိုးချစ်စိတ်ရှင်သန်ရေးသီချင်းတွေသီချင်း ၁၀ ပုဒ်လောက် ရေးစပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နိုဝင်ဘာ ၁ ရက်က ပြန်လည် စတင်ဖွင့်လှစ်လိုက်သလို ကမ္ဘာလှည့်ခရီးသည်တွေ ဆွဲဆောင်နိုင်ဖို့လည်း နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။