Sunday, May 28, 2023
HomeLead Storyမန္တလေး၌ စစ်တပ်က ဆိုင်ကယ်စီးပြည်သူများကို လက်နက်ပြ ခြိမ်းခြောက် ငွေတောင်း၊ ဒူးထောက်ခိုင်း

မန္တလေး၌ စစ်တပ်က ဆိုင်ကယ်စီးပြည်သူများကို လက်နက်ပြ ခြိမ်းခြောက် ငွေတောင်း၊ ဒူးထောက်ခိုင်း

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ အပေါင်းပါတွေဟာ  လက်နက်ပြခြိမ်းခြောက်ပြီး ဆိုင်ကယ်စီးပြည်သူတွေကို   စစ်ဆေးဖမ်းဆီး ဒဏ်ငွေရိုက်၊ ပြစ်ဒဏ်ပေးတာတွေကို  နေရာအနှံ့မှာ လုပ်နေကြပါတယ်။

စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ် သေနတ်ကိုင်တွေ၊ ယာဉ်ထိန်းရဲ့၊ စည်ပင်သာယာအဖွဲ့နဲ့တခြားအဖွဲ့စုံပူးပေါင်းပြီး  ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို သိမ်းဆည်းတာ၊ ပြည်သူတွေကို ဒူးထောက်ထိုင်ခိုင်းတာနဲ့ ဒဏ်ငွေဆောင်ခိုင်းတာတွေ လုပ်နေတယ်လို့ စစ်ဆေးခံရသူတချို့က ပြောပါတယ်။

“အလုပ်သမားတွေ သွားနေတဲ့ နေရာတွေ အဓိကထားပြီးစစ်တယ်။ mask တပ်ရင်လည်း ဖမ်းတယ်။ မတပ်လည်း  ဖမ်းတယ်။ ဆိုင်ကယ် ၂ ယောက်စီးလည်း ဖမ်းတယ်။ ဆီစျေးကြောင့် ၂ ယောက်စီးပြီး အလုပ်သွားရတာလေ။ ငွေပါရင် ဆိုင်ကယ်ကို ချက်ချင်း ပြန်ရွေးလို့ ရတယ်။ ငွေမပါလို့ မရွေးနိုင်သေးတဲ့ ဆိုင်ကယ်တွေ သိမ်းတယ်” လို့ မန္တလေးမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒဏ်ငွေ မဆောင်နိုင်တဲ့ ဆိုင်ကယ်တွေကို သိမ်းဆည်းပြီး မန္တလာသီရိအားကစားကွင်းအတွင်းမှာ ထားကာ ပြန်ရွေးရမှာဖြစ်တယ်လို့ ယာဉ်ထိန်းရဲနဲ့ နီး စပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးစစ်ဆေးရာမှာ ပြည်သူတွေကို သေနတ်ပြပြီး ဆဲဆို ခြိမ်းခြောက်တာတွေရှိကာ ပြည်သူတွေအနေနဲ့လည်း လက်ရှိကာလမှာ ယာဉ်လိုင်စင် လူလိုင်စင် သက်တမ်းတိုးဖို့ အခက်အခဲတွေ ရှိနေပါတယ်။

အသက် ၅၀ ကျော်အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက “အရင် ကိုဗစ်ဖြစ်တုန်းက ကညန ရုံးတွေ ပိတ်လို့ သက်တမ်းမတိုးရဘဲ လွန်နေတယ်။ နောက် နိုင်ငံရေး ဖြစ်တယ်။ အာဏာသိမ်းတယ်နဲ့ မတိုးဖြစ်ဘူး။ တချို့ကလည်း ဒီကာလ သက်တမ်းတိုးတယ်။ စစ်ကောင်စီကို ကျည်ဖိုးပေးတယ်ဆိုပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးဖောက်ခွဲတာတွေ လုပ်တယ်။ တကယ်က ဒီအချိန် ပြည်သူအများစုက အခွန်မဆောင်ချင်ကြဘူး။ သက်တမ်းမတိုးတော့လည်း ဆိုင်ကယ်သိမ်း ငွေတောင်းနဲ့ အခက်အခဲတွေ ရှိတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ ပူးပေါင်းအဖွဲ့က လက်နက်ပြပြီး ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို စစ်ဆေး ဖမ်းဆီးနေတာကြောင့် အခြေခံလူတန်းစားပြည်သူတွေ အလုပ်သွားအလုပ်ပြန် ခက်ခဲပြီး စိုးရိမ်နေကြရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular