စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ နိုဝင်ဘာ ၂၁ ရက်ညက ရဲတပ်ဖွဲ့ရဲ့ မှားယွင်းပစ်ခတ်မှုကြောင့် ခန္တီးခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဒေါ်ညွန့်ညွန့်ဝင်း သေနတ်ကျည်ဆန်ထိမှန် သေဆုံးသွားပါတယ်။
“မနေ့ညက ၇ နာရီကျော်လောက်ဖြစ်တာ ကင်းလှည့်နေတဲ့ရဲကားကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်တာ။ ဝင်တိုက်ပြီးတာနဲ့ ဆိုင်ကယ်က ဆိုင်ကယ်မောင်းတဲ့လူငယ် နှစ်ယောက်က ထွက်ပြေးတယ်။ အဲဒီ လူငယ်ကို ရဲတပ်တွေ လိုက်လံပစ်ခတ်တယ်၊ အဲဒီလူငယ် နှစ်ယောက်ကို သေနတ်နဲ့ လိုက်ပစ်တာ အချက် ၁၅ ချက်လောက်ရှိမယ်၊ တစ်မြို့လုံးကြားရတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေနတ်ပစ်တဲ့ချိန် ခန္တီးခရိုင်အုပ်ချုပ်ရေးမှူးရဲ့ဇနီးက ဆိုင်ကယ်နဲ့စီးလာတဲ့ အချိန်ဖြစ်ပြီး သေနတ်ကလူငယ် နှစ်ယောက်မမှန်ဘဲ ခန္တီးခရိုင်အုပ်ချုပ်ရေးမှူးရဲ့ဇနီးကို သေနတ်ထိမှန်ကာ နေရာမှာတင် ပွဲချင်းသေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်
ခန္တီးခရိုင်အုပ်ချုပ်ရေးမိန်းမ သေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။