Home
မြန်မာသတင်း
ရေးမြို့ ၌ သားငါးဟင်းသီးဟင်းရွက် ဈေးမြင့်တက်မှုကြောင့် ပြည်သူများ အခက်အခဲကြုံ
DVB
·
November 21, 2021
259114829_196448669316572_5817522243356713236_n

မွန်ပြည်နယ် ရေးမြို့မှာ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ဈေးနှုန်း မြင့်တက်လာနေခဲ့တာကြောင့် တနေ့လုပ်တနေ့စား ဝင်ငွေနည်း မိသားစုတွေအပါအဝင် ပြည်သူတွေ အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။

ရေမြို့နယ်အတွင်း လက်ရှိမှာ ဝက်သား ၁ ပိဿာကို ယခင် ကျပ် ၈၀၀၀ ကျပ်ကနေ ကျပ် ၁၂၀၀၀၊ ကြက်သား ၁ ပိဿာကို ကျပ် ၄၀၀၀ ကျပ်ကနေ ကျပ် ၇၀၀၀၊ ငါးဈေးကလည်း ကျပ် ၁၀၀၀ ကျော် မြင့်တက်သွားသလို ကန်စွန်းရွက် ၁ စီးကို ၂၅ ကျပ်ကနေ ကျပ် ၁ဝဝ၊ ချဉ်ပေါင် ၁ စီးကို ကျပ် ၅၀ မှ ကျပ် ၁ဝဝ လောက် ဖြစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ရှင်မတစ်ဦးက “အခုလို သားငါး ကြက်သားဈေးပါ တက်ပြန်တော့ ကျမတို့လို ၀င်ငွေနည်းပြီး မိသားစုများတဲ့သူတွေ ဖြစ်တော့ ဈေးကြီးပေး ဝယ်စားရရင် ဝင်ငွေက ဒီကာလမှာ မရှိပြန်တော့ စားသောက်ရေးမှာ ရုန်းကန်ပြီးနေရတယ်” လို့ ပြောပါတယ်။

သားငါးဟင်းသီးဟင်းရွက်တွေ တဆင့်ပြန်ဝယ်ပြီး ဈေးတွေမှာ ရောင်းချတဲ့ ဈေးသည်တွေလည်း ရောင်းအားကျဆင်းသွားခဲ့ပြီး အခက်အခဲကြုံနေကြတယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။

ဆိုက်ကားဆရာတဦးကလည်း “အခုလို ကုန်စျေးနှုန်းလည်း ကြီးပြန်ဆိုတော့ ဆိုက်ကားလည်း အရင်ကလို နင်းမရဘဲ တနေ့တာလုံး နင်းမှ တခါတလေ ဘာမှမရတဲ့ နေ့လည်း ရှိသလို ရတဲ့နေ့ဆိုလည်း ငွေ ၄၀၀၀ ကျပ်နဲ့က မိသားစုနဲ့ စားဝတ်နေရေးနဲ့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်ပြီးနောက်ပိုင်း နိုင်ငံရေး မငြိမ်မသက်မှုနဲ့အတူ မြန်မာငွေစျေးတွေ ကျဆင်းသွားတာကြောင့် စက်သုံးဆီဈေး၊ သယ်ယူစရိတ်၊ လုပ်အားခ၊ ကုန်ကြမ်းဈေးတွေ မြင့်တက်လာနေပါတယ်။

ကြက်သွန်နီ၊ ဆန်ဈေး စတာတွေလည်း ပုံမှန်စျေးထက် မြင့်တက်နေသလို ပြည်ပက တင်သွင်းလာတဲ့ ကုန်စည်တွေလည်း ဈေးနှုန်းမြင့်တက်မှုကြောင့် ပြည်သူတွေ အခက်အခဲကြုံနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024