မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းက ဖြုံဖူးကျေးရွာ စာသင်ကျောင်းနဲ့ ရွာလယ် စာကြည့်တိုက်ဘေးက လက်သုံးချောင်းထောင် အုတ်နံရံကို နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖြုံဖူးကျေးရွာက စာသင်ကျောင်းအနီးမှာ တပ်စွဲထားပြီး ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဖြုံဘူးစာသင်ကျောင်းကို မီးရှို့တယ် အင်အား က ၅၀လောက်ရှိမယ် တပ်စွဲတာဖြစ်နိုင်တယ်။ လက်နက်ကြီးနဲ့ထုလို့ ရွာသားတစ်ယောက် ခြေထောက်ကို ထိတယ်လို့ကြားရတယ်။ လက်သုံးချောင်းထောင်ထားတဲ့ အုတ်နံရံကို ဖျက်ဆီးသွားတယ်။ ဖြုံဖူးမှာက စခတွေက အတွဲလိုက်ပစ်ခတ်တာပါ၊ ပေါက်ကွဲတဲ့အသံတွေကလည်း မြေပြိုသလိုပဲ။ ရွာတောင် စာသင်ကျောင်းကနေ အတွဲလိုက် ပစ်တာ၊ မီးလောင်ကျွန်းတောင်ရွာမှာလည်း တစ်ယောက်အဖမ်းခံရတယ်။ ကျနော်တို့က ရှောင်နေရတာ ရွာမှာကျန်ခဲ့တဲ့သူတွေနဲ့ ဖုန်းချိတ်ပြီး သတင်းရသလောက် ပြန်ပြောပြရတာပါ။ ရွာမှာက လူသိပ်မကျန်ခဲ့ကြဘူး၊ မရှောင်နိုင်မတိမ်းနိုင်တဲ့သူနဲ့ အလုပ်လုပ်ရင်း ပိတ်မိခဲ့တဲ့သူတွေပဲ ကျန်ခဲ့တာ။ ဇရပ်နီဘုန်းကြီးကျောင်းဘေးက နှစ်ဆောင်မြိုင်အိမ်မှာ သူတို့ ဒီညတော့ စခန်းချနေကြတယ်။”
နိုဝင်ဘာလ ၂၀ ရက် ညပိုင်းကလည်း ရေစကြိုမြို့နယ် ထင်းတန်းရပ်ကွက်နဲ့ ပေါက်တောကျေးရွာတို့ဘက်မှာလည်း ပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။