Home
မြန်မာသတင်း
မိုးကုတ် သပိတ်ခေါင်းဆောင်နေအိမ်ကို စစ်တပ်က ဖျက်ဆီး၊ ပြည်သူတစ်ဦးအား ရိုက်နှက်ဖမ်းဆီး
DVB
·
November 21, 2021
259734052_869761576931208_8976936622709078945_n

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ပြည်သူတစ်ဦးအား ခေါင်းကိုအိတ်အမဲစွပ် ရိုက်နှက်ဖမ်းဆီးသွားပြီး သပိတ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုးဌေး နေအိမ်ကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက အင်အားအလုံးအရင်းနဲ့ ရောက်လာ​တာလို့ ဒေသခံတဦးက ပြောပါတယ်။

"သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရတယ်၊ ဦးစိုးဌေးခြံကိုဝင်ပစ်တာ၊ လူက ဘယ်သူမှမရှိဘူး။ သူတို့ဘာ သူတို့ ဝင်ပစ်သွားတာ၊ ပျက်စီးစေချင်လို့ပစ်တော့ ပျက်စီးတာတွေတော့ ရှိတာပေါ့။”

“မှန်တံခါးတွေလည်း ဖျက်ဆီးသွားတယ်၊ အိမ်ကမီးစက်တောင် လေးယောက် မနိုင်မနင်းသယ်သွားသေးတယ်။ ဘဲငန်း ၃ ကောင်ကိုလည်း ဘာလို့ ဖမ်းသွားလဲ မသိဘူး"လို့ ဦးစိုးဌေးက သူ့လူမှုကွန်ရက်ကတဆင့် ပြောထားပါတယ်။

နေအိမ်မှာ လူမရှိနေတာ လအတော်ကြာမြင့်ပြီဖြစ်သလို ဦးစိုးဌေးကိုလည်း စစ်ကောင်စီတပ်က  ပုဒ်မ ၅၀၅ ကနဲ့ ဝရမ်းထုတ်ပြီးနောက် ဇနီးနဲ့သမီးကို ဓားစာခံလုပ် ဖမ်းဆီးထောင်ချခဲ့သေးတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့က ဦးစိုးဌေးရဲ့ဇနီးနဲ့သမီးတို့ အိုးဘိုထောင်ကနေ လွတ်မြောက်လာခဲ့ပေမယ့် ဖမ်းဆီးခံထားရတဲ့ သားအကြီးဖြစ်သူကိုတော့ ဒီနေ့အထိ အဆက်သွယ်မရသေးဘူးလို့ သိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းက ပြည်သူတစ်ဦးကိုလည်း စစ်​ကောင်စီတပ်တွေက နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်က ခေါင်းကိုအဝတ်မဲစွပ်ရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက "ဒလန်တိုင်လို့ဖြစ်မယ်၊ အိမ်ကိုစစ်ကား ၅ စီးနဲ့လာဖမ်းတာ၊ ရိုက်နှက်ပြီးကိုဖမ်းတာ။ ခေါင်းကိုအဝတ်မဲစွပ်ပြီး ဆွဲခေါ်ဖမ်းသွားတာ" လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ ကျန်းမာရေးမကောင်းတဲ့ ပရဟိတသမားတစ်ဦးဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်စခန်းအချို့နဲ့ အချုပ်ထောင်အပါအဝင် စစ်ကောင်စီ တပ်ကင်းပုန်းနေရာတွေမှာပါ တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်သား စစ်သား ၂၀ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ကင်းပုန်းချထားတဲ့အပြင် လက်နက်အပြည့်အစုံနဲ့ ကင်းလှည့်နေတာကြောင့်  ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၉ရက်နေ့ည​က ညဘက်အပြင်ထွက်တဲ့ ဆိုင်ကယ်တစ်စီးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024