Home
မြန်မာသတင်း
ရခိုင်အခြေစိုက် Western News သတင်းဌာနကို စစ်ကောင်စီတပ်က လိုက်လံစုံစမ်းရှာဖွေ
DVB
·
November 20, 2021
258226244_224043693172089_2268077837737178565_n

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ရခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Western News သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၉ ရက် ညနေက ရပ်ကွက်ထဲ လိုက်လံရှာဖွေစုံစမ်းခဲ့တယ်လို့  Western News သတင်းဌာနရဲ့ အယ်ဒီတာချုပ်က ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတင်းဌာနကို ရပ်ကွက်တွေမှာ လိုက်လံစုံစမ်းတာဟာ ကချင်ပြည်နယ်မှာ တိုင်းရင်းသား ဗိုလ်လောင်းတချို့ ကျဆုံးခဲ့တဲ့အထိမ်းအမှတ်ပွဲကို သတင်း ဖော်ပြခဲ့တာကြောင့်ဖြစ်နိုင်သလို မြန်မာနိုင်ငံမှာ စစ်တပ်ကလူအခွင့်အရေးချိုးဖောက်နေတဲ့ သတင်းတွေကို ဖော်ပြတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ Western News သတင်းဌာနရဲ့ အယ်ဒီတာချုပ်က ပြောပါတယ်။

“စစ်ကား ၂ စီးရယ်၊ ရဲတပ်ဖွဲ့ဝင်ကားက ၃ စီး ထင်တယ်။ Western News ရုံးဘယ်မှာလည်းဆိုပြီးတော့ ရပ်ကွက်တွေမှာလာပြီးတော့ စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ အထူးသဖြင့်တော့ မနေ့က တိုင်းရင်းသားဒေသတွေက ဗိုလ်လောင်းတွေကို စစ်တပ်က ပစ်လိုက်လို့ ကျဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ၇ နှစ်ပြည့်အထိမ်းအမှတ် လုပ်တာကို  ညပိုင်းသတင်းတင်လိုက်တယ်။  အရင်ကလည်း စစ်တပ်နဲ့ပတ်သက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရေးတယ်။ အဲဒီလိုသတင်းတွေကို ရေးနေတဲ့အတွက် သူတို့က တောက်လျှောက် စောင့်ကြည့်နေတာ ဖြစ်မယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်ကအာဏာသိမ်းပြီးနောက် သတင်းဌာန ၉ ခုကို လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်းခဲ့သလို  သတင်းထောက်တွေကို ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာတော့ သတင်းထောက်တွေကို ဖမ်းဆီးတာတွေ မရှိပေမဲ့ သတင်းသမားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံစုံစမ်းနေသလို သတင်းသမားတွေကို စောင့်ကြည့်နေတာတွေရှိတယ်လို့ ရခိုင်သတင်းသမားတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024