ပေါက်မြို့နယ်က မိုင်တဲလ်တာဝါတိုင်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က မီးရှို့ဖျက်ဆီး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်ညက အကြမ်းဖက်စစ်ကောင်စီရဲ့ မိုင်တဲလ်တာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ PPDF တပ်ဖွဲ့ဆီက သိရပါတယ်။
ပေါက်မြို့နယ် ပေခုနှစ်ပင်ရွာနားမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိက စီးပွားရေးထောက်တိုင်ဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်ကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ PPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။
“ကျနော်တို့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စီပွားရေးထောက်တိုင်တွေအားလုံးကို ရရာနည်းနဲ့ ဖြိုလှဲဖျက်ဆီးပစ်ရမယ်။ စစ်ကောင်စီမိသားစုတွေနဲ့ ဆက်နွှယ်တဲ့သူတွေ၊ ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းအားလုံးကို သပိတ်မှောက်ကြရမယ်။ ပြည်သူလူထုအနေနဲ့လည်း စစ်အုပ်စုက ထုတ်တဲ့ပစ္စည်းမှန်သမျှကို မသုံးစွဲခြင်းနဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်တယ်။”
PPDF တပ်ဖွဲ့အနေနဲ့ နောက်နောင်မှာလည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ဒလန်တွေ၊ စီးပွားရေးမိတ်ဖက်တွေ၊ စစ်သား၊ ရဲတွေနဲ့ ပတ်သက်ဆက်နွှယ်တာတွေ အားလုံးကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။