Wednesday, May 31, 2023
HomeLead Storyကြို့ပင်ကောက်ရဲကင်းစခန်းကို PDF က ဖောက်ခွဲ၊ ပြည်သူများ အပြင်မထွက်ကြရန် သတိပေး

ကြို့ပင်ကောက်ရဲကင်းစခန်းကို PDF က ဖောက်ခွဲ၊ ပြည်သူများ အပြင်မထွက်ကြရန် သတိပေး

ပဲခူးတိုင်း (အနောက်ပိုင်း) သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့က စစ်ကောင်စီလက်အောက်ခံ ရဲကင်းတစ်ခုကို နိုဝင်ဘာ ၂ဝ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကြို့ပင်ကောက်မြို့ ပြည်သူ့ကာကွယ်ရေးတပ် (GBKPDF) က ဗုံးဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

GBKPDF တာဝန်ရှိသူတယောက်က “ကျနော်တို့က ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေ ဒလံတွေကိုလည်း အရင်ရက်တွေကတည်းက အကြိမ်ကြိမ် သတိပေးစာတွေ၊ ကြေညာချက်တွေ အကြိမ်ကြိမ်ထုတ်ပြီး အကြောင်းကြားထားခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြို့နယ်က အုပ်ချုပ်ရေးမှူးတွေက တယောက်မှ ဘက်ပြောင်းမလာကြဘူး၊ ဒါကြောင့် ဒီနေ့ပြုလုပ်ရတာပါ။ ဒီနေ့ထဲမှာ မနက် ၆ နာရီလောက်မှာ ပထမအသံဗုံးတလုံးစခွဲလိုက်တယ်၊ နောက် ၈ နာရီခွဲမှာ နောက်တလုံး ထပ်ခွဲလိုက်တယ်” လို့ ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ နေထိုင်ရာနေရာများကို ဆက်လက်ဖောက်ခွဲဖို့ ပြင်ဆင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီဒေါက်တိုင်ရုံးနဲ့ ဆက်စပ်နေရာတွေ အနီးအနား မသွားလာကြဖို့နဲ့ နေအိမ်တွေမှာသာ နေထိုင်ကြဖို့ ထပ်မံသတိပေးတိုက်တွန်းထားပါတယ်။

“နောက်ထပ်လည်း တပတ်အတွင်းမှာ ထပ်မံဖောက်ခွဲမှုတွေ ပြုလုပ်ဖို့ရှိတာကြောင့် ပြည်သူတွေ အခုရက်ပိုင်းကို မလိုအပ်ရင် အပြင်မထွက်ဖို့ကို ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ် ဘောလုံးကွင်းနေရာက စစ်ကောင်စီ တပ်သားတွေကို ဝင်ရောက်ပစ်ခတ်မှုနဲ့ ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို တစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ပြီး ဒုရဲအုပ်တစ်ဦး ဒဏ်ရာရရှိကာ နိုဝင်ဘာ ၁၉ နေ့ ည ၇ နာရီလောက်ကလည်း အောင်မြင်မြင့်မိုရ်ဆေးရုံအနီးဝန်းကျင်မှာ ဗုံးပေါက်ကွဲကာ သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular