Sunday, May 28, 2023
HomeLead Storyစစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်လူငယ်ကို ဗမွန်သုသာန်တွင် ​သင်္ဂြိုဟ်၊ အမျိုးသားများ လိုက်ပိုခွင့်မရ

စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်လူငယ်ကို ဗမွန်သုသာန်တွင် ​သင်္ဂြိုဟ်၊ အမျိုးသားများ လိုက်ပိုခွင့်မရ

မန္တလေးတိုင်း မိုးကုတ်မြို့က စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ​မောင်ထက်ဝေယံခေါ် မောင်သားထက်ကို နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ၃ နာရီက ဗမွန်သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး စစ်ကောင်စီတပ်က မြို့တွင်းပစ်မိန့်ထုတ်ထားတာကြောင့် လူအသွားအလာရှင်းလင်းနေတယ်လို့ သိရပါတယ်။

“ရင်ခွဲရုံမှာ အလောင်းကိုရင်ခွဲပြီး ကျည်ဆန်စစ်သေးတယ်၊ မိဘတွေလည်း စောင့်တယ်၊ စစ်သားတွေလည်း လာစောင့်တယ်၊ သင်္ဂြိုဟ်လိုက်ပို့တာကို ယောကျ်ားလေးတွေ လိုက်ပို့လို့မရဘူး၊ ဖမ်းမယ်ပြောလို့ မိန်းကလေးတွေပဲ လိုက်ပို့လို့ရတယ်” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မောင်ထက်ဝေယံကို သုသာန်လိုက်ပို့ရာမှာ အမျိုးသားဆိုလို့ ဖခင်တစ်ဦးသာ လိုက်ပို့ခွင့်ရတယ်လို့ သိရပြီး ဆင်တောင်ရပ်ကွက်က ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ လိုက်ပို့ခဲ့တယ်လို့ သိရပါတယ်။

“သင်္ဂြိုဟ် လိုက်ပို့ချင်တယ်၊ မနက် ၁၁ နာရီလောက်ကတည်းက မြို့ထဲ လမ်းတွေမှာ လူတွေရှင်းနေ​ပြီး ဆိုင်တွေအကုန်ပိတ်ကုန်တယ်။ တဆင့်စကားတဆင့်ကြားပြီး ပိတ်ကုန်တာ၊ အသွားအလာတွေပါ ကြဲသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်မယ်၊ အပြင်ထွက်ပါက ပစ်မိန့်ထုတ်ထားတယ်လို့​ သိရတာကြောင့် မြို့တွင်းလမ်းတွေမှာ အသွားအလာရှင်းလင်းနေတာလို့ သိရပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေက စစ်ကားပေါ်မှာ လက်နက်တပ်ဆင်ပြီး အသင့်အနေထားနဲ့ မြို့ပတ်နေတဲ့အပြင် ဆိုင်ကယ်တစ်စီးမှာ နှစ်ယောက်စီးပြီး ပတ်နေတယ်လို့လည်း ​ဒေသခံတွေက ဆိုပါတယ်။

မိုးကုတ်မြို့က စစ်ကောင်စီတပ်စခန်းနဲ့အချုပ်​ထောင်တွေကို နိုဝင်ဘာ ၁၈ ရက်နေ့ညက ပတ္တမြားမြေ PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရသူရှိတယ်လို့လည်း သိရပါတယိ။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဆင်တောင်ဘုန်းကြီးကျောင်းကနေ ထွက်ကြည့်မိတဲ့ အသက် ၂၀ အရွယ် မောင်ထက်ဝေယံ (ခ) မောင်သားထက်ဟာ မင်းတံတားရပ်ကွက်က EPC ရုံးအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ စနိုက်ပါသမားပစ်ခတ်မှုကြောင့် ရင်ဘတ်ကို သေနတ်ကျည်ဆန် ထိမှန်ကာ  သေဆုံးသွားတာလို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular