ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါခလိုက်လင်းကျေးရွာရှိ နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၈ ရက် မနေ့ညနေ က မီးရှို့ဖျက်ဆီးသွားပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ ၅ မိုင်နဲ့ ၆ မိုင် ကျေးရွာတလျှောက် မနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီလက်နက်ကိုင်တပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းမှာ ဒေါခလိုက်လင်းကျေးရွာက ဒေသခံနေအိမ် ၃ လုံး မီးရှို့ဖျက်ဆီး ခံရတာဖြစ်ပါတယ်။
ဒေါခလိုက်လင်းကျေးရွာဟာ ၆ မိုင်ကျေးရွာအကျော် လွိုင်ကော်ကနေ ဒီးမော့ဆိုသွားတဲ့ လမ်းမကြီးဘေးမှာ တည်ရှိတာဖြစ်ပါတယ်။
မနေ့ နေ့ခင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တယောက် သေဆုံးခဲ့ကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် လမ်းမကြီးဘက်ကို သွားလာနေတဲ့ ပြည်သူ နှစ်ယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့လည်း KNDF သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။
“ပစ်ခတ်မှု ပြီးတဲ့အချိန်မှာ သူတို့တွေက လာသမျှ ယာဉ်တွေပေါ့လေ။ ဆိုင်ကယ်ပဲဖြစ်ဖြစ်၊ ကားဖြစ်ဖြစ် ရပ်ပြီးတော့မှ စစ်ဆေးတာရှိတယ်။ အရပ်သား နှစ်ဦးကိုတော့ သူတို့ ပစ်သတ်လိုက်တယ်ပြောတာပဲ။ ပစ်သတ်တာက လမ်းမကြီးပေါ်ဖြစ်ဖို့များတယ်။ ဘယ်နေရာပစ်လဲဆိုတာ ကျနော်တို့ အတိအကျတော့ မသိရဘူး။ ဒါပေမဲ့ ကျနော်တို့ သတင်းရတာက ဒီတိုက်ပွဲဖြစ်ပြီးတဲ့အချိန်မှာ စကစက အရပ်သားနှစ်ဦးကို ပစ်သတ်လိုက်တယ်။ ”
ပစ်သတ်ခံရလို့ သေဆုံးသွားသူ နှစ်ယောက်ဟာ ဘယ်သူဘယ်ဝါလဲဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုမြို့နယ်မှာ တပ်အင်အားတွေ ဖြည့်တင်းနေသလို ဖရူဆိုနဲ့ ဘော်လခဲမြို့နယ်တွေ ဘက်မာလည်း စစ်အင်အားဖြည့်တင်းဖို့ ကြိုးစားနေပါတယ်
ဒါအပြင် ကယန်းတိုင်းရင်းသားတွေနေထိုင်တဲ့ ဖယ်ခုံမြိုနယ်၊ အနောက်ကယန်းဒေသဘက်ကိုလည်း စစ်ကောင်စီတပ်အင်အား ၃၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတဲ့အတွက် ကျေးရွာတချို့မှာ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အလားတူ မိုးဗြဲမြို့မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မှာကို ဒေသခံပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။