Home
မြန်မာသတင်း
မြိုင်၊ ရေနံချောင်းနှင့် ဂန့်ဂေါတွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၇ ဦး သေဆုံး
DVB
·
November 19, 2021

မကွေးတိုင်း မြိုင်၊ ရေနံချောင်းနဲ့ ဂန့်ဂေါမြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် ကုန်းဘလူရွာနဲ့ လယ်တီရွာကြားက ထွန်းမြတ်ရတနာ လမ်းပေါ်မှာ မနေ့မနက် ၉ နာရီလောက်က အကြမ်းဖက်စစ်ကား ၂ စီးကို MVRF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် သား ၄ ယောက်နဲ့ ရဲ ၁ ယောက်သေဆုံးခဲ့တယ်လို့ MVRF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီကားက ၂ စီးဗျ။ ကျနော်တို့ တပ်ဖွဲ့တွေက တစ်ခါဆွဲရင် လှည့်ပြောင်းပိုက် ၄ ချောင်းပါတဲ့ အဝါဗုံး ၃ လုံးပါတဲ့ မိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ကား ၂ စီးအနက် ၁ စီးပဲ မိုင်းထိပြီးတော့ နောက် ၁ စီးကတော့ လွတ်သွားတယ်” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRF က ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ္။

မနေ့က တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကျေးရွာ ပြည်သူတွေရဲ့ နေအိမ်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းမွှေနှောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

MVRF တပ်ဖွဲ့အနေနဲ့  ရှေ့ဆက်ပြီးတော့လည်း ပြည်သူလူထုကိုမထိခိုက်ဘဲ စစ်ကောင်စီရဲ့ထောက်တိုင်တွေကို ဖြိုဖျက်ပြီး ရရာနည်းလမ်းနဲ့ အမြစ်ပြတ် တော်လှန်တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။

ရေနံချောင်းမြို့မှာလည်း နိုဝင်ဘာလ ၁၈ ရက်နေ့က မြို့နယ်စည်ပင်ရုံးနဲ့ စိုက်ပျိုးရေးဘဏ် ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ယောက် သေဆုံးခဲ့တယ်လို့ ရေနံချောင်း PDF ကနေ သိရပါတယ်။

ရေနံချောင်းမြို့ မြို့နယ်စည်ပင်ရုံးနဲ့ စိုက်ပျိုးရေးဘဏ်ကို ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်က ရေနံချောင်း PDF နဲ့ ကျောက်ပန်းတောင်း KDF တို့ ပူးပေါင်းပြီး အဝေးထိန်း ဗုံး ၃ လုံး ဖောက်ခွဲခဲ့တာလို့ ရေနံချောင်း PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စည်ပင်ရုံးနဲ့ စိုက်ပျိုးရေးဘဏ်ကို အဝေးထိန်းဗုံးနဲ့ တစ်ပြိုင်နက်တည်း ဖောက်ခွဲခဲ့တာပါ။ စည်ပင်ရုံးမှာ ပထမတစ်လုံးကတော့ ဟန်ပြအနေနဲ့ ဖောက်ခွဲပြီးတော့ လူရောက်တဲ့ အချိန်မှာ နောက်တစ်လုံးထပ်ပြီးတော့ ဖောက်ခွဲခဲ့ပါတယ်။” 

စည်ပင်ရုံး အနေနဲ့ ရေနံချောင်းမြို့က ပြည်သူတွေကို အခွန်ငွေတွေ အတင်းအကြပ် ကောက်ခံနေသလို စိုက်ပျိုးရေးဘဏ်ကလည်း ဒေသခံပြည်သူတွေဆီက စိုက်ပျိုးစရိတ်ချေးငွေတွေကို စစ်ကောင်စီရဲ့ အလိုကျ အတင်း ကြပ်ကောက်ခံနေတာကြောင့် သတိပေးဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ရေနံချောင်းပြည်သူလူထုအနေနဲ့ အခွန်မဆောင်ဘဲ စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်ကြဖို့နဲ့ စစ်အုပ်စုကို ဆန့်ကျင်တော်လှန်ကြဖို့ တိုက်တွန်းထားသလို ရေနံချောင် PDF အနေနဲ့လည်း စစ်အုပ်စုကို အမြစ်ပြတ်ခြေမှုန်းဖို့ ပြင်ဆင်နေတာကြောင့် ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲ ၂ ယောက်ကို PDF- ဂန့်ဂေါက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ရဲတပ်သားတစ်ယောက်သေဆုံးပြီး အရာရှိတစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းက ဒုရဲအုပ် အောင်ရဲသူနဲ့ ရဲတပ်သားတစ်ယောက်ကို မနေ့မနက် ၉ နာရီကျော်လောက်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဂန့်ဂေါ PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အဲဒီဒုရဲအုပ်နဲ့ ရဲတပ်သားဟာ စခန်းလုံခြုံရေးအတွက် ဘဏ်ကာလုပ်ဖို့ 125 ဆိုင်ကယ်နဲ့ ဆာလာအိတ် ထွက်ဝယ်တဲ့အချိန် ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ရာမှာ ဆိုင်ကယ်နောက်ကစီးတဲ့ ရဲတပ်သားက ပွဲချင်ပြီးသေဆုံးသွားတယ်။ ဆိုင်ကယ်ရှေ့ကနေ စီးတဲ့ ဒရဲအုပ် အောင်ရဲသူကတော့ သေနတ်ဒဏ်ရာရပြီး ထွက်ပြေးလွတ်မြောက်သွားတယ်။”

တိုက်ပွဲအတွင်းမှာ မိမိတို့ ဂန့်ဂေါ PDF ဘက်က အထိခိုက် အကျဆုံး မရှိဘူးလို့ ဆိုပါတယ်။

ဂန့်ဂေါခရိုင်အတွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာနေပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ဘေးလွက်ရာကို ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၉၀၀၀ ကျော်လောက်ရှိပြီး ဆေးဝါး၊ ရိက္ခာနဲ့ အဝတ်အထည်တွေ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024