သီပေါတွင် စစ်ဘေးရှောင်ပြည်သူအချို့၏ နေအိမ်နှင့်ဂိုဒေါင် လက်နက်ကျည်ထိမှန်ပျက်စီး

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ SSPP၊ TNLA ပူးပေါင်းတပ်နဲ့  RCSS ကတို့ တိုက်ပွဲကြောင့် ချောင်းဆုံကျေးရွာမှာ နေအိမ် ၁ လုံးနဲ့ လယ်ယာသုံးပစ္စည်းများထားရှိရာ ဂိုဒေါင် ၁ လုံး လက်နက်ကျည်ထိပြီး ပျက်စီးသွားခဲ့ပါတယ်။ 

ချောင်းဆုံရွာသားတွေဟာ လွန်ခဲ့တဲ့ ၄-၅ လက ဟာလျံကျေးရွာဘက်မှာ စစ်ဘေးရှောင် လာပြီး ဒီလဆန်းပိုင်းမှာတော့ တိုက်ပွဲဟာ ဟာလျံရွာအနီးရောက်လာလို့  စစ်ဘေးရှောင်တွေရော ဟာလျံရွာသားတွေပါ သီပေါမြို့ပေါ်ကိုထပ်မံစစ်ဘေးရှောင်လာကြောင်း၊ ခုတပတ်ထဲမှာ တိုက်ပွဲ အနည်းငယ်ငြိမ်သွားလို့ ရွာပြန်ကြည့်ရာမှာ နေအိမ်တွေ ပျက်စီးနေတာတွေ့တယ်လို့ စစ်ဘေးရှောင် ပြည်သူတွေကို အကူအညီပေးနေတဲ့ သီပေါ SNLD ပါတီမှ နန်းမွှမ်းမွှမ်းပေါင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့ သီပေါစစ်ရှောင်စခန်းကနေ ၁၄ ရက်နေ့က ပြန်သွားကြတယ်။ ချောင်းဆုံရွာကို ပြန်ကြည့်တာ နေအိမ်အဆောက်အဦတချို့ လက်နက်ထိမှန်ပျက်စီးနေတာ တွေ့တယ်တဲ့၊ ရွာမှာလူ မရှိတော့ ဘယ်နေ့ကအပစ်ခံရတယ်ဆိုတာ မသိဘူး။ အပျက်စီးဆုံးကတော့ ပါဆာတို့အိမ်နဲ့ စိုင်း ဝင်းဦးတို့ရဲ့  ဂိုဒေါင်ပါ။ ပါဆာတို့အိမ်က အောက်ထပ်ကတိုက် အပေါ်ကထရံကာသွပ်မိုး၊ ပျဉ်ခင်း ပေါ့၊ ချောင်းဆုံရွာမှာ အဲဒီအိမ်အကောင်းဆုံးပဲလို့ပြောတယ်၊ သူတို့က လယ်ယာလုပ်ငန်းပဲလုပ်ပါ တယ်။ အဲဒီအိမ်ကို ချွေးနှဲစာစုပြီးဆောက်ထားတာ၊ ပြန်ဆောက်ရင်တော့ သိန်း ၂၀၀ ကျော် ၃၀၀ ကုန်မယ်တဲ့၊ ဂိုဒေါင်ကတော့ လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေပါသွားတာပေါ့။ ရွာရောက်တာနဲ့ သူတို့ဓာတ်ပုံရိုက်ပြီး ပို့လာပေးတော့၊ အဲလိုမြင်တော့ ကျမတို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။”

အဆိုပါချောင်းဆုံရွာဟာ နမ္မတူမြစ်နဲ့ နမ့်မချောင်းတို့ပေါင်းဆုံရာ ကမ်းနဘေးမှာတည်ရှိပြီး နှစ်ဘက်တပ်တွေဟာ ချောင်းတစ်ဘက်တစ်ကမ်းဆီနေရာယူကာ မကြာမကြာပစ်ခတ်နေ ကြတာပါ။ 

ဒါကြောင့် ကမ်းရိုးတလျှောက် မြစ်ရိုးတလျှောက်ရှိ ဟာလျံ၊ ချောင်းဆုံ၊ ဆွန်လုံ၊ တာပုလဲ၊ မန့်ခါး၊ စဉ့်အင်ဘူတာ၊ ကုန်စံလိတ် စတဲ့ကျေးရွာဟာ တိုက်ပွဲရဲ့ဒဏ်ခံနေရကြောင်း၊  နှစ်ဘက်တပ်တွေဟာ ဆုတ်ခွာခြင်းမရှိဘဲ မကြာမကြာပစ်ခတ်နေတော့ ကျည်ထိမှာ စိုးလို့ လယ်ယာခြံလုပ်ငန်းမ ဆင်းနိုင်တာ၊ ဒီကြားထဲ ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် အလုပ် အကိုင်မကောင်းတာတွေကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ကောက်ယူရရှိထားတဲ့ စာရင်းအရ အိမ်ထောင်စုပေါင်း ၆၃၇ စု လူပေါင်း ၂၅၀၅ ဟာ စားနပ်ရိက္ခာလိုအပ်နေလို့ အလှူရှင်တွေအနေနဲ့ သီပေါ SNLD -  ဖုန်းနံပါတ် ၀၉ ၇၈၇၉၇ ၉၁၄၀ ကို ဆက်သွယ်ကူညီ ထောက်ပံ့နိုင်ကြောင်း နန်းမွှမ်းမွမ်းပေါင်းက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up