
ရန်ကုန်တိုင်းအတွင်းရှိ ဧရိယာ ၇ ခုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ၄၃ ဦးနဲ့ ထောက်ပံ့ကူညီပေးသူ ၈ ဦးကို ဖမ်းမိတယ်လို့ နိုဝင်ဘာ ၁၈ ရက် ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ကြေညာပါတယ်။
ရန်ကုန်တိုင်းအတွင်းက ဒဂုံမြို့သစ် (အရှေ့၊ တောင်၊ မြောက်၊ ဆိပ်ကမ်း)နယ်မြေမှ ၅ ဦး၊ (တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်) မြို့နယ် တို့မှ ၉ ဦး၊ (လှိုင်၊ လှည်းတန်း၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်)မြို့နယ်တို့မှ ၁၄ ဦး၊ (အလုံ၊ ပုစွန်တောင်၊ လမ်းမတော်၊ ကျောက်တံတား၊ လသာ) မြို့နယ်တို့မှ ၄ ဦး၊ (သာကေတ၊ သန်လျင်၊ ဒေါပုံ) မြို့နယ်တို့မှ ၇ ဦး၊ (တွံတေး၊ ကော့မှူး၊ ကွန်းခြံကုန်း)တို့မှ ၁ ဦး၊ (အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထန်းတပင်)မြို့နယ်တို့မှ ၃ ဦး စုစုပေါင်း ၄၃ ဦးတို့ကို ဖမ်းမိထားတယ်လို့ ထုတ်ပြန်ပါတယ်။ ၁ ဦးကို အသေ ပစ်ခတ်ဖမ်းဆီးမိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကူညီထောက်ပံ့ပေးသူ ၈ ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထား ပါတယ်။
ဗားဂရာမီးပွိုင့်ရှိလုံခြုံရေးအဖွဲ့ဝင်တွေကို ပစ်ခတ်မှုနဲ့ ထန်းတပင် ပစ်ခတ်မှုတွေအပြင် သန်လျင်တံတား၊ မြောက်ဥက္ကလာတံတား ပစ်ခတ်မှုတွေက PDF တချို့ကိုလည်း ဖမ်းဆီးရမိ ထားတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
စစ်ကောင်စီမီဒီယာတွေမှာ စွပ်စွဲဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေ ဘက်က တုံ့ပြန်ပြောဆိုခွင့် မရသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာအနီးတဝိုက်မှာ တွေ့ရာကြုံလူငယ်တွေကို မကြာခဏဖမ်းဆီးသွားလေ့ရှိပြီး ဒီနောက်မှာ စစ်ကောင်စီအာဘော် မီဒီယာတွေကနေ ဓာတ်ပုံတွေ ဇယားတွေနဲ့ မဟုတ်မမှန် ဇာတ်လမ်းဆင်ပြီး သတင်းထုတ်ပြန်လေ့ရှိတာ ဖြစ်ပါတယ်။