ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီခန့် ဟိုတယ်နဲ့ ခရီး ဝန်ကြီးနဲ့ တိုင်းဝန်ကြီးချုပ်လမ်းကြောင်းကို တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ချောင်းသာကမ်းခြေမှာ ဖွင့်ပွဲလုပ်ပြီးပြန်လာတဲ့ စစ်ကောင်စီခန့် ဟိုတယ်နဲ့ခရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်နဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့ရဲ့ လမ်းကြောင်းကို ခြောက်ကောင်ကျေးရွာ တောင်သာယာအနားမှာ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုက တာဝန်ရှိသူက ပြောပါတယ်။
“အားလုံး အဲဒီလမ်းကြောင်းကို အဖွဲ့ ၃ ဖွဲ့ပေါင်းပြီး တိုက်ခိုက်တာပါ။ အရင်ဆုံး မိုင်းခွဲတာပါ၊ ပြီးမှ ဝိုင်းပစ်တာ။ အပြန်အလှန် ပစ်ခတ်မှု ဖြစ်တာတော့ ၅ မိနစ်လောက်ကြာမယ်။ ပြီးတာနဲ့ ကျနော်တို့ ပြန်ဆုတ်ခွာတာပါ၊ ခုတော့ အားလုံး လုံခြုံတဲ့နေရာ ရောက်ပြီ” လို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု တာဝန်ရှိသူ ဗိုလ်ဖြူလေးက ပြောပါတယ်။
စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဝန်ကြီးချုပ်လမ်းကြောင်းကို PWDF၊ မြစ်ဝကျွန်းပေါ်ပြောက်ကျား စစ်ဆင်ရေးတပ်ပေါင်းစုနဲ့ BDF စတဲ့ အဖွဲ့ ၃ ဖွဲ့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်မှာ ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဝန်ကြီးချုပ်တို့ ထိမှန်တာ ရှိ မရှိကိုတော့ မသိရသေးပါဘူး။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့လပိုင်းက ကန်ကြီးထောင့်စစ်ကောင်စီယာဉ် ဗုံးပစ်ခံရမှုဖြစ်စဉ်အပြီး တော်လှန်ရေး အင်အားစုတွေ တိုက်ခိုက်တဲ့အထဲမှာ အခုဖြစ်စဉ်က စစ်ကောင်စီတပ်သား အများဆုံး သေဆုံးခဲ့တာဖြစ်ပါတယ်။