Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်ရှောင်ကူညီသူ ၁ ဦးအပါအဝင် ၇ ဦး ဖမ်းဆီးခံရ
DVB
·
November 15, 2021
256341921_141746458197430_4663228640484777712_n
248505778_141746504864092_1255669099102891197_n
256410032_141746544864088_5943936607069111666_n
256402129_141746584864084_4826190601028440123_n

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ပရဟိတသမား အမျိုးသား  ၁ ဦးနဲ့ လူငယ်တွေ အပါအဝင်    ၇ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဖယ်ခုံမြို့ ညောင်ကုန်း အမှတ် ၃ ရပ်ကွက်မှာနေထိုင်တဲ့ ဦးညီခင်ကို  ဒီနေ့  မနက် ၁၀ နာရီ ဝန်းကျင်လောက်ကသူ့ရဲ့အိမ်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတာလာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူ့ကို ၁၀ နာရီဝန်းကျင်လောက်က ဖမ်းသွားတယ်လို့ကြားတယ်။ သူက ဗမာလူမျိုး။ သူက စစ်ရှောင်တွေကူညီတာ။ သူကဆေးထုတ်တွေဘာတွေကော၊ စားစရာတွေအများစုထားတာ။”

ဦးညီခင်ဟာ ဖယ်ခုံမြို့တွင်းရှိ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာတွေ ညီပေးနေသူတစ်ဦး ဖြစ်တဲ့အပြင် ပရဟိတလုပ်ငန်းကိုလည်း စိတ်အားထက်သန်စွာ လုပ်ဆောင်သူလို့ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ကလည်း ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်မှာ နေထိုင်တဲ့ သားအဖ ၅ ယောက်အပါအဝင် အသက် ၁၅ နှစ်အရွယ်ဝန်ကျင် ကလေးငယ် ၃ ဦးကို စစ်ကောင်စီ တပ်မ ၆၆  က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူတို့နဲ့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။

“သူတို့အစပိုင်း သူ့သား နှစ်ယောက် ဆိုင်ကယ်သွားပြင်ရင်းနဲ့ ဆိုင်ကယ်ပြင်ဆိုင်မှာ စစ်တပ်ကို သွားတိုးတာပေါ့။ အဲမှာ အဖမ်းခံရတယ်။ အဲဒါနဲ့ အိမ်ပြပေးဦးဆိုတော့ အိမ်ရောက်လည်း ရောက်တော့ သူ့အိမ်မှာရှိတဲ့အစ်ကို တယောက်ထပ်ဖမ်းတယ်။ သူ့အဖေက ကျနော့်သားတွေ ဘာမှမလုပ်ဘူး။ အသက်လည်းငယ်သေးတယ်ဆိုတော့ သူတို့က မင်းအဲမှာ အသက်ရှင်ချင်ရင် ဆက်ပြောဆိုတော့ မပြောရဲတော့ဘူးလေ။ နောက် ည သန်းခေါင်ရောက်ရော သူ့အဖေလည်း ပြန်အဖမ်းခံရတယ်။ နောက်အိမ်နှစ်ဘေးမှာ ရှိတဲ့ သူ့တူလေး ၂ ယောက်လည်း ထပ်ပါသွားတယ်။ စုစုပေါင်း ၆ ယောက်ပေါ့။”

အဖမ်းဆီးခံရသူတွေကတော့ ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်မှာနေတဲ့ ဦးမောင်လဲ့ (အသက် ၅၀ ကျော်)၊ မောင်ဘိ (၂၁) နှစ်၊ ယောဟန် (၁၉)နှစ်၊ မောင်ဘီးယို့ ၁၇ နှစ်တို့ဖြစ်ပြီး သူ့တို့ဟာ သားအဖတွေဖြစ်ပါတယ်။ နောက်ထပ် တူတွေဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ်ဝန်ကျင် မောင်သီဟနဲ့ ဆော့လမုန်တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။

အောက်တိုဘာလ ကုန်လောက်စပြီး ဖယ်ခုံမြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်ပွားနေပြီး ဖယ်ခုံမြို့နယ်က ကျေးရွာတွေအပြင် မြို့ပေါ်မှာ နေထိုင်တဲ့ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က ဖယ်ခုံမြို့နယ်လွယ်ဝှဲကျေးရွာမှာ ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ရွာကို မီးရှို့ခဲ့တဲ့အတွက် အိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။

နို၀င်ဘာ ၈ ရက်​နေ့မှာတော့  ဖယ်ခုံမြို့နယ် ​ခေါင်းအိ​ကျေးရွာအုပ်စု လတူးကယန်းရွာရှိနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လအိကျေးရွာဟာ အိမ်ခြေ ၃၀ လောက်ရှိတဲ့ရွာဖြစ်ပြီးပြီး လွန်ခဲ့တဲ့ ၁၀ နှစ်မှ ပြန်လည်တည်ဆောက်ထားတဲ့ ကျေးရွာဖြစ်တယ်လို့  ကူညီကယ်ဆယ်လုပ်နေသူဆီက သိရပါတယ်။

အလားတူ ဖယ်ခုံမြို့နယ် ကောင်ဝှပ်ကျေးရွာကို စစ်ကောင်စီတပ်က မနေ့ညနေပိုင်းမှာ ဝင်ရောက်ခဲ့တဲ့အတွက် အိမ်ခြေ ၇၀ လောက်ရှိတဲ့  ကျေးရွာဟာ တောတောင်ထဲ ပြန့်ကျဲပြီး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နဲ့  ဒီးမော့ဆိုမြို့နယ်တွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့်  အဲဒီမြို့နယ်က ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေ ထိခိုက်ပျက်စီးတာတွေရှိသလို ဖမ်းဆီးခံရတာတွေလည်း  ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024