ပင်လယ်နက်ထဲမှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးက ကြိုတင်စီစဉ်မထားဘဲ စစ်ရေး လေ့ကျင့်တာဟာ ရုရှားအစိုးရအတွက် ပြင်းထန်တဲ့ စိန်ခေါ်ချက်ပဲလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က နိုဝင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေဟာ မစီစဉ်ဘဲလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်း ဗျူဟာမြောက် လေတပ်ကို သုံးခြင်းအားဖြင့် ရုရှားကို တပ်လှန့်ထားရအောင် ဖိအားပေးနေတယ်လို့ ပူတင်က အစိုးရ ရုပ်သံကတဆင့် စွပ်စွဲ ပြောဆိုပါတယ်။
ရုရှားက ယူကရိန်းကို တိုက်ခိုက်ချင်နေတယ်လို့ ပြောထားတဲ့ ကြေညာချက်တွေကိုလည်း နှိုးဆွတဲ့ အရာတွေလို့ ပူတင်က ပြောပါတယ်။
ယူကရိန်းရဲ့ ပိုင်နက်ဂုဏ်သိက္ခာကို ထိခိုက်အောင် မလုပ်ဖို့ ပြင်သစ်က ရုရှားကို သောကြာနေ့က သတိပေးခဲ့ပါတယ်။
ယူကရိန်းနယ်စပ်မှာ ရုရှားစစ်တပ်က လှုပ်ရှားနေပြီး တိုက်ခိုက်မယ့် အလားအလာတရပ်အပေါ် အမေရိကန်က ဥရောပမဟာမိတ်တွေနဲ့အတူ စိုးရိမ်နေကြောင်း ပြောခဲ့တယ်လို့ ဥရောပ သံတမန် လေးယောက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်၊
နေတိုးရဲ့ အတ္တလန္တိတ်မဟာမိတ်အဆင့်ထဲက သံအမတ်ကြီး အယောက် ၃၀ နဲ့အတူ ဗုဒ္ဓဟူးနေ့က အစည်းအဝေး ကျင်းပပြီး ပြောကြားခဲ့တာလို့ ဆိုပါတယ်။
စစ်အေးကာလစကတည်းက အနောက်နိုင်ငံတွေနဲ့ ရုရှားကြား အချိန်မရွေး မတော်တဆ စစ်ဖြစ်နိုင်ချေက ပိုကြီးလာနေပြီး သမားရိုးကျ သံတမန်ရေးနည်းလမ်းတွေ အများအပြားက အလုပ်မဖြစ်တော့ဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။