Home
ဆောင်းပါး
“မပြီးသေးဘူး ... ငါတို့အလှည့် ကျန်သေးတယ်” (၁)
DVB
·
November 14, 2021

၁၉၄၂ ခုနှစ်ဆန်းပိုင်းမှာ မြန်မာပြည်ကို ထိုင်းနိုင်ငံကနေ စစ်ကြောင်း ၄ ကြောင်းနဲ့ဝင်လာတဲ့ ဂျပန်တပ်တွေနဲ့ အိန္ဒိယကို အောင်မြင်စွာ ဆုတ်ခွာသွားတဲ့ ဗြိတိသျှတို့ကြား ဒုတိယကမ္ဘာစစ်ကြီး အဝင် တစ်ကြိမ်။

၁၉၄၄ခုနှစ် ဧပြီလကစလို့ အိန္ဒိယကို တက်သိမ်းဖို့ အချီကြီးကြံတဲ့ ဂျပန်တပ်တွေ ကိုဟီးမားနဲ့ အင်ဖာမှာ မဟာမိတ်တပ်တွေနဲ့ ၃ လလောက် ထောင်းထောင်းကြေအောင် တိုက်ခဲ့ရပြီးနောက်မှာ ဂျပန်တွေ သောင်းနဲ့ချီသေခဲ့သလို သိန်းနဲ့ချီဒဏ်ရာရခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီး အထွက် တစ်ကြိမ်။

အဲဒီစစ်ကြီး အဝင် အထွက် နှစ်ကြိမ်ကို ခံစားခဲ့ဖူးတဲ့ ကျနော်တို့အဖေ၊ အမေနဲ့ အဘိုး အဘွား မျိုးဆက်အတွက်ကတော့ ဆရာမြ(မြသန်းတင့်) ရေးခဲ့သလို ဒုတိယကမ္ဘာစစ်ကြီး အိမ်ရှေ့ကဖြ တ်သွားတာကို အိမ်ထရံပေါက်လေးကနေ ချောင်းကြည့်ခဲ့ရတာမျိုးပေါ့။ သူတို့အတွက်ကတော့ ဂျပန်နဲ့ ဗြိတိသျှ ဦးဆောင်တဲ့ (အမေရိကန်၊ တရုတ်၊ သြစတြေးလျ) မဟာမိတ်တပ်တွေကြား မြန်မာပြည်မှာခင်းတဲ့ အရှည်ကြာဆုံးသော စစ်ပွဲကြီးရဲ့ ပရိယာယ်တွေ၊ စစ်ဗျူဟာတွေကိုတော့ နားလည်ဖို့ ခက်ခဲခဲ့မှာပေါ့။ ကျနော်တို့တောင် သမိုင်းစာအုပ်တွေ၊ အချက်အလက်တွေ၊ မှတ်တမ်းရုပ်ရှင်တွေကို ကြည့်ပြီးတောင် ရေရေလည်လည် နားလည်ခဲ့တာ မဟုတ်ပါဘူး။

စစ်ပွဲတစ်ပွဲရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရ ာအချက်အလက်တွေ၊ ဇာတ်လမ်းတွေ၊ ရည်မှန်းချက်တွေက အပုံအပင်ရှိတာဆိုတော့ မြန်မာပြည်သူတွေ ဒုတိယကမ္ဘာစစ်တုန်းက မျက်ဝါးထင်ထင် ကြုံခဲ့ရတဲ့ စစ်ပွဲကြီးဟာ သွေးတွေ၊ မျက်ရည်တွေနဲ့ သမိုင်းအလှည့်အပြောင်း ဇာတ်ကွက်တွေနဲ့ ကပြအသုံးတော်ခံခဲ့ပါတယ်။

မြန်မာပြည်ဟာ စစ်ကြီးရဲ့ဒဏ် နှစ်ကြိမ်တိတိ ခံခဲ့ရပါတယ်။ ဂျပန်အဝင် ဗြိတိသျှအထွက်နဲ့ ဂျပန်အထွက် ဗြိတိသျှအဝင် နှစ်ကြိမ်စလုံးဟာ မြို့ကြီးတွေ ကြေသွားတဲ့အထိ၊ မြေလှန်စနစ်အရ လမ်းတွေ တံတားတွေ၊ စက်ရုံတွေကို အကုန်မီးတင်ရှို့ ဖျက်ဆီးခဲ့ကြပါတယ်။ 

အာရှတိုက်သားများ သာတူညီမျှကောင်းစားရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ဖက်ဆစ်ဂျပန်တွေ အာရှတိုက်တခွင်ကို သိမ်းပိုက်ထားပြီး အိန္ဒိယကို သိမ်းဖို့အတွက် ကလေး-တမူးကနေတဆင့် အင်ဖာ၊ ကိုဟီးမားမှာ မဟာမိတ်တပ်တွေနဲ့ တိုက်ပွဲကြီးတွေဖြစ်ခဲ့တာက ဧပြီလ နွေခေါင်ခေါင်မှာ။ 

ဇွန်လမှာ စစ်ရှုံးလို့ ပြန်ဆုတ်တဲ့အခါ မုတ်သုံမိုးဒဏ်ကို နှစ်ဘက်တပ်တွေ ခံရတယ်။ မဟာမိတ်တပ်တွေကလည်း မြန်မာပြည် ပြန်လည်သိမ်းပိုက်ရေးအတွက် နှစ်ရှည်လများကြာအောင် စစ်ရေးစီမံကိန်းတွေ အကြိမ်ကြိမ်ရေးဆွဲထားပြီး ၁၉၄၄ ပွင့်လင်းရာသီမှာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်ခဲ့ကြတယ်။

မြန်မာပြည်ကို ထိုးဖောက်ဝင်ရောက်ဖို့က လမ်းကြောင်းကြီး ၃ ခုကို ချမှတ်ခဲ့တယ်။ ဗြိတိသျှ အမှတ် ၁၄ တပ်မတော်ရဲ့ အကူညီနဲ့ အမေရိကန်တပ်ဖွဲ့တွေ ဦးဆောင်တဲ့ မြောက်ပိုင်းစစ်ဆင်ရေးဟာ ၁၉၄၄ ဇွန်လမှာ မြစ်ကြီးနားနဲ့ မိုးကောင်းထိ ရောက်လာခဲ့ပြီ။ လီဒိုလမ်းမကြီး ဖောက်ပြီး တရုတ်ပြည်သွား လားရှိုးလမ်းမကြီးနဲ့ ချိတ်ဖို့ ဒီစစ်ဆင်ရေးကို ဗိုလ်ချုပ်ကြီးစတီးဝဲလ် ဦးဆောင်တယ်။ အာသံနဲ့ ယူနန်ကြား ချိတ်ဆက်ပြီး တရုတ်ပြည်ထဲ ထောက်ပို့စနစ်ကို တည်ဆောက်ဖို့ ဒီစီမံကိန်းကို Plan X လို့ခေါ်ပြီး အာသံကနေ တမူး၊ ကလေး၊ ကလေးဝကို ဆင်းလာမယ့် ဗြိတိသျှ အမှတ်-၁၄ တပ်မတော်ရဲ့ အဓိကပန်းတိုင်က မန္တလေးကို သိမ်းပိုက်ဖို့ပါပဲ။ Plan Y လို့ခေါ်တဲ့ ဒီစစ်ဆင်ရေးကို စစ်ဦးစီးချုပ် လော့ဒ်မောင့်ဘက်တန်က “Operation Capital” လို့ နာမည်ပြောင်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဝီလျံစလင်း ဦးဆောင်တယ်။ နောက်ထပ်လမ်းကြောင်းကတော့ Plan Z ဖြစ်တဲ့ “Operation Dracula” ကတော့ ရန်ကုန်ကို ဗုံးကြဲပြီး ရှေ့တန်းက ဂျပန်တွေရဲ့ ဆက်သွယ်ရေးနဲ့ ထောက်ပို့ကို ဖြတ်တောက်ဖို့ ဖြစ်ပါတယ်။ 

ရခိုင်ဒေသနဲ့ ကမ်းရိုးတန်းကို ကာကွယ်ဖို့တာဝန်ရှိတဲ့ ဂျပန် အမှတ်-၂၈ တပ်မတော်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရှိုဇို ဆာကူရိုင်းဟာ ကုလားတန်မြစ်ဝှမ်းမှာ တပ်မ ၅၄၊ ပုပ္ပားဘက်မှာ တပ်မ ၅၅ နဲ့ ရေနံချောင်းဘက်မှာ တပ်ရင်း ၇၂ တို့ကို နေရာယူပြီး ခုခံဖို့ပြင်ဆင်ခဲ့ပါတယ်။ ရသေ့တောင်နဲ့ မြေပုံကို ၁၉၄၄ နှစ်ကုန်မှာ စစ်ကြောင်းထိုးလာတဲ့ ဗြိတိသျှ အမှတ် ၂၅ အိန္ဒိယတပ်မဟာ ဂျပန်တို့နဲ့ ထိပ်တိုက်တိုးတာကို ရှောင်ပြီး ကုလားတန်မြစ်ရိုးတလျှောက်ကို ဝင်ရောက်လာခဲ့ပါတယ်။ 

မေယုကျွန်းဆွယ်က ဂျပန်ရဲ့ဆက်သွယ်ရေးကို ဖြတ်တောက်ဖို့အတွက် အာဖရိကတပ်ရင်း နှစ်ရင်းကလည်း မြို့ဟောင်းနားကို တိုးဝင်လာခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်မှာ ဂျပန်တွေဟာ ရမ်းဗြဲကျွန်းပေါ်ကနေ ဆုတ်ခွာပြီးနောက် အမ်းနဲ့ တောင်ကုတ်ကို တပ်ရင်း ၂၆ နဲ့ ၈၂ တို့က နေရာဝင်ယူလိုက်ပါတယ်။ အမ်းနဲ့တောင်ကုတ်တောင်ကြားကို ဂျပန်တို့ဟာ နောက်ဆုံးအချိန်ထိ ခုခံခဲ့ပုံရပါတယ်။ 

အခြေအနေတွေက ၁၉၄၄ ဒီဇင်ဘာမှာ နှစ်ဖက်ကြားတိုက်ပွဲတွေ အကြီးအကျယ်စဖြစ်မယ်ဆိုတော့ ကိုဟီးမားနဲ့ အင်ဖာမှာ အကြီးအကျယ်အထိနာထားတဲ့ ဂျပန်ကလည်း မဟာမိတ်တပ်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတယ်။ ဒုဗိုလ်ချုပ်ကြီး ကီမူရာကို အစားထိုးခန့်ပြီး စစ်ရေးဗျူဟာကိုချတယ်။ မဟာမိတ်တွေက ကဘော်ချိုင့်ဝှမ်းကနေ ချင်းတွင်းမြစ်ကို နိုဝင်ဘာမှာဖြတ်ကူးနေပြီး ရွှေဘိုလွင်ပြင်ထဲကိုရောက်လာပြီ။ ဒီဇင်ဘာမှာ မိုးကောင်း၊ မြစ်ကြီးနားမှာရှိတဲ့ မဟာမိတ်တပ်တွေကလည်း ပင်လည်ဘူး၊ ဝန်းသို၊ ကောလင်းကို နယ်မြေစိုးမိုးရေးလုပ်နေပြီ။ ဒီတော့ စစ်ပွဲကြီးဟာ ရွှေဘိုလွင်ပြင် (ချင်းတွင်းနဲ့ဧရာဝတီကြား)မှာ ဖြစ်ကိုဖြစ်တော့မယ်။ ဒါပေမယ့် ဂျပန်တွေက ဧရာဝတီမြစ်အရှေ့ဘက်ကိုဆုတ်ပြီး စစ်ကိုစောင့်နေတယ်။ ရွှေဘိုလွင်ပြင်ထဲ မဟာမိတ်တွေ ဝင်လာတဲ့အချိန် ဂျပန်တွေ ခုခံတာမရှိတော့ စစ်ရေးပရိယာယ်ကို အမြန်ဆုံးချရတော့တယ်။ 

မြောက်ပိုင်းအဖွဲ့တွေကလည်း ပင်လည်ဘူး၊ ကောလင်းကနေ အင်းတော်၊ မတ္တရာထိ ဆင်းလာနေပြီ။ ချန်ကေရှိတ် လွှတ်လိုက်တဲ့ တရုတ်တပ်တွေကလည်း လားရှိုးကနေ သီပေါအထိ တအိအိနဲ့ ဆင်းလာနေတယ်။ ကာတာမူရာ ဦးဆောင်တဲ့ ဂျပန် အမှတ်-၁၅ တပ်မတော်ဟာ မြန်မာပြည်အလယ်ပိုင်းကို ထိန်းချုပ်နိုင်ရေး ဦးဆောင်နေပြီး ဗိုလ်ချုပ်ကြီး ဝီလျံစလင်း လက်အောက်က အမှတ်-၁၄ တပ်မတော်ဟာ ချင်းတွင်းမြစ်ကို ဖြတ်ကျော်ပြီး ရွှေဘိုလွင်ပြင်ထဲကို ရောက်တဲ့အခါကျမှ ဂျပန်တို့ဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ စောင့်ကြိုနေတယ်ဆိုတာ ရိပ်မိသွားပါတယ်။ 

ချင်းတွင်းကိုဖြတ်ပြီး အနောက်မြောက်လွင်ပြင်ထဲက ပခုက္ကူကို တပ်အင်အားတွေလွှတ်ပြီး မိတ္ထီလာမှာ အထိုင်ချထားတဲ့ ဂျပန်တို့ရဲ့ ဆက်သွယ်ရေးကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ဆင်ခဲ့ရပါတယ်။ အစီအစဉ်အသစ်ဟာ အောင်မြင်တယ်လို့ ဆိုရပါမယ်။ မဟာမိတ်တို့ရဲ့ လေကြောင်းအားသာမှုနဲ့ ဂျပန်တို့ တပ်အင်အားမရှိတဲ့ ရွှေဘိုလွင်ပြင်ကြောင့် မဟာမိတ်တွေ ပခုက္ကူကို အင်အားအပြည့်နဲ့ ရွှေ့လာတာကို သတိမမူမိခဲ့ဘူးလို့ ဆိုရမှာပါ။ မန္တလေးကိုသွားရာလမ်းဟာ ၂ လတောင်ကြာခဲ့တယ် ဆိုရမှာပါပဲ။ ဖေဖော်ဝါရီလကုန်ပိုင်းမှ မန္တလေးမြို့မှာ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲကြီးကို ဆင်နွှဲပါတော့တယ်။ အဲဒီအချိန် ပခုက္ကူကို ရွှေ့လာတဲ့ တပ်တွေဟာ ပုဂံ၊ ညောင်ဦးနားကနေ ဧရာဝတီကိုဖြတ်ကျော်ပြီး မိတ္ထီလာဆီ ဦးတည်တိုက်ခိုက်ပါတော့တယ်။ 

၄ ရက်ကြာမြင့်တဲ့ မိတ္ထီလာတိုက်ပွဲဟာ အတော်လေးကြီးမားလှပါတယ်။ ဂျပန်တပ်ကူတွေ နောက်ကျမှ ရောက်လာသလို ရှိနေပြီးသား ဂျပန်တပ်သားတစ်ယောက်မကျန်ကို ကြည်းကြောင်း၊ လေကြောင်းနဲ့ အပြင်းအထန် တိုက်ပွဲဆင်ခဲ့ပါတယ်။ မိတ္ထီလာဟာ မတ်လ ၄ ရက်နေ့မှာ မဟာမိတ်လက်အောက် ကျပါတယ်။ မန္တလေးမှာ ဂျပန်တွေ အရူးမီးဝိုင်းဖြစ်သွားပြီး မတ်လ ၁၁ ရက်ကျမှ မန္တလေးကို စွန့်ခွာထွက်ပြေးသွားရပါတယ်။ အဲဒီနောက် ပျော်ဘွယ်၊ တောင်ငူဘက်မှာ တစ်လကျော်လောက် တိုက်ပွဲတွေဖြစ်ပြီး တောင်ငူက ဧပြီ ၂၅ရက်နေ့မှ ကျပါတယ်။ ရန်ကုန်မြို့ဟာ မေလ ၃ ရက်နေ့မှာ ဂျပန်လက်အောက်ကနေ လွတ်မြောက်ခဲ့ပါတယ်။ 

ကျနော်တို့ ဒီကနေ့ ရင်ဆိုင်နေရတဲ့ ရန်သူဖက်ဆစ်တွေကို တရားတဲ့ ခုခံစစ်ဆင်နွှဲတဲ့အခါမှာ လူထုရဲ့ ခုခံရေးစစ်ပွဲတွေဟာ ဧပြီလဆန်းမှစတင်ခဲ့တဲ့ ချင်းတောင်တန်းပေါ်က တူမီးသံတွေကနေ မြို့ပြပြောက်ကျားလှုပ်ရှားမှု၊ ဒေသကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆိုတဲ့ စစ်‌ရေးလှုပ်ရှားမှုအဆင့်ဆင့်ကို ၆ လကျော် ၇ လထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ တော်လှန်ရေးဟာ သင်ယူဖြတ်သန်းရင်းနဲ့ပဲ တစတစ ရင့်မှည့်လာခဲ့ရတာပါ။ ဇွန်၊ ဇူလိုင်လတွေက အနောက်မြောက်လွင်ပြင်ဖြစ်တဲ့ ချင်းတောင်တန်းနဲ့ ချင်းတွင်းမြစ်အနောက်ပိုင်းတကြောက တော်လှန်မှုတွေ၊ လွိုင်ကော်လွင်ပြင်က ကရင်နီတော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေကနေ စက်တင်ဘာ၊ အောက်တိုဘာ ရောက်တဲ့အခါ ရွှေဘိုလွင်ပြင်တခွင် ပြောက်ကျားစစ်ပွဲတွေကနေ ရင်ဆိုင်ထိုးစစ်ဆိုတဲ့ သမားရိုးကျစစ်ပွဲအဆင့်ကို ကူးပြောင်းလုနီးနီး အနေအထားကို ရောက်လာခဲ့ပါတယ်။ 

ဇွန်၊ ဇူလိုင်တုန်းက “သေရဲတဲ့ကောင် ထွက်ခဲ့” လို့ စိန်ခေါ်ခဲ့တဲ့ ဖက်ဆစ်တွေဟာ စက်တင်ဘာ၊ အောက်တိုဘာမှာ “မင်းတို့ ရက်စက်တယ်ကွာ၊ ကယ်ကြပါဦး” လို့ အော်ညည်းရတဲ့အဆင့်ထိ ရောက်လာခဲ့တယ်ဆိုတာ တစတစ ရင့်မှည့်လာတဲ့ တော်လှန်ရေးရဲ့ အခိုင်အမာဆုံးသော သက်သေတွေပါပဲ။ ဒီအချိန်မှာ စေ့စပ်ကြပါ၊ အကြမ်းမဖက်ပါနဲ့ဆိုတဲ့ ရွှေပြည်အေးတရားတွေ တိုက်ကျွေးလိုတဲ့သူတွေလည်း ပေါ်ထွက်လာတတ်ပါတယ်။ ဒီလိုလူတွေကတော့ ဖက်ဆစ်တွေ ရှုံးနေတဲ့ အရိပ်အယောင်မြင်လို့ နွေဦးတော်လှန်ရေးနိုင်သွားမှာ စိုးရိမ်ပြီး သွေးတက်ပြတာပါ။ သူတို့ကတော့ သမိုင်းရဲ့အမှိုက်ပုံထဲ ရောက်သွားပါပြီ။ တော်လှန်ရေးဟာ ဘယ်သူတားတား တားလို့မရဘဲ ရှေ့ကို ခရီးဆက်နေပါပြီ။ ဒါဟာ ကျနော်တို့ ပစ္စုပ္ပုန်တည့်တည့်ကြီး ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ခေတ်ကြီးတစ်ခုပါ။ ကျနော်တို့ မိဘ၊ ဘိုးဘွားတွေလို စစ်ကြီးကို ထရံပေါက်လေးကနေ ချောင်းကြည့်ပြီး နားမလည်တဲ့အဖြစ်မျိုးကို မကြုံချင်ပါဘူး။ 

ပေါ်ပေါက်နေတဲ့ တော်လှန်ရေးကြီးရဲ့ ပန်းတိုင်က ဘာလဲ၊ လမ်းမှာ ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ ခလုတ်ကန်သင်းတွေက ဘာတွေဖြစ်မလဲ။ ဗိုလ်ချုပ်ကြီးစလင်းလို မိတ္ထီလာလွင်ပြင်မှာ လက်ပိုက်ပြီး ပြုံးပြီးကြည့်နိုင်ဖို့ ဒီကနေ့ နွေဦးတော်လှန်ရေးဇာတ်ခုံကြီးရဲ့ စစ်ရေး အလှုပ်အယမ်းတွေက ဘယ်ကို ဦးတည်နေတာလဲဆိုတာ နီးနီးကပ်ကပ် ကြည့်သင့်ပါတယ်။ စက်တင်ဘာက စတင်လိုက်တဲ့ ခုခံစစ်ကြီးကို နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်ပရောက်မြန်မာ မီဒီယာတွေ ဘာလို့ဇောင်းပေးပြီး မရေးကြသလဲဆိုတာကိုလည်း ဆန်းစစ်သင့်ပါတယ်။ 

တချို့က နားမလည်လို့၊ မသိလို့ဖြစ်နိုင်သလို တချို့ကျတော့ အနောက်မြောက်လွင်ပြင်နဲ့ ရွှေဘိုလွင်ပြင်က စစ်ရေးလှုပ်ရှားမှုတွေကို အထင်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ခါ လူမဆန်တဲ့ စစ်ရာဇဝတ်မှုကြီးတွေ ပေါ်ပေါက်တဲ့နေရာက ဖြစ်ရပ်မျိုးကို အာရုံလှည့်သွားတတ်တာမျိုးလည်း ရှိပါတယ်။ ပေမီဒေါက်မီ မီဒီယာတွေကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ဖြစ်ရပ်တွေကိုပဲ မီးမောင်းထိုးပြမှာပါ။ စစ်ရေးဇာတ်ခုံကြီး ဘယ်လိုကပြ အသုံးတော်ခံနေတယ်ဆိုတာ ကွင်းဆက်မိမိ ဖော်ပြနိုင်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ ဒီနေရာမှာ ဆရာငြိမ်းအေးအိမ်၊ ဆရာဦးသန်းစိုးနိုင်တို့လို အတွေ့အကြုံနဲ့အမြင်ရှိတဲ့ ဆရာတို့ရဲ့ သုံးသပ်ချက်တွေက ဒီကနေ့ဇာတ်ခုံပေါ်ကို ဖျတ်ခနဲဖျတ်ခနဲ မီးမောင်းထိုးပြနေတဲ့အတွက် ကျေးဇူးတင်နေရတာပါပဲ။

ဗြိတိသျှတွေကတော့ မိတ္ထီလာကို မတ်လ ၄ ရက်နေ့ရောက်ပြီး ၂ လအကြာ မေလ ၃ ရက်ကျမှ ရန်ကုန် ရောက်ပါတယ်။ သူ့အတွက်က ရန်ကုန်ကို သိမ်းနိုင်ရင် မြန်မာပြည်ကို သိမ်းနိုင်ပြီကိုး။ ကျနော်တို့အလှည့်ကျတော့ရော ...။ ဟုတ်တာပေါ့။ ကျနော်တို့အလှည့် ကျန်သေးတာကိုး။   ။

နေသန်မောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024