မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မြစ်ငယ်သွား ကားလမ်းဘေးရှိ စားသောက်ဆိုင်တဆိုင် ရှေ့မှာ နိုဝင်ဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က အမျိုးသားတယောက် သေနတ်နဲ့ ပစ်ခံခဲ့ရပြီး ဆေးရုံအရောက်မှာ သေဆုံးသွားပါတယ်။
သေနတ်ပစ်ခံခဲ့ရသူဟာ ဆင်ရွာကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ဦးစိုးသူ ဖြစ်ပြီး စားသောက်ဆိုင်က အထွက်မှာ အမည်မသိအမျိုးသားနှစ်ယောက်က ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ သေနတ်နဲ့ လေးချက်ပစ်သွားတာလို့ သိရပါတယ်။
အမရပူရမြို့နယ်မှာ နေထိုင်သူတစ်ဦးက “ပစ်ခံရသူက အရင်တုန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါတယ်။ အခု လက်မှတ်ထိုးပြီး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပေါင်းတာရှိတယ်။ သတင်းပေးဆိုပြီးလည်း ပြောကြတယ်။ အခုပစ်ခံရတာ အဲဒါကြောင့်လား၊ ဘာကြောင့်လဲ ဆိုတာတော့ တိတိကျကျ မသိရဘူး” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့ ဦးစိုးသူဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။