ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ တညီတညွတ်တည်းဖြစ်ပြီး တရားမျှတတဲ့နည်းလမ်းနဲ့ ကျင်းပမယ်ဆိုရင် အာဏာလွှဲပြောင်းပေးသွားမယ်လို့ လစ်ဗျားဝန်ကြီးချုပ် အဗဒူလ်ဟာမစ်အယ်လ်ဒက်ဘီဘာက နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
လစ်ဗျားနိုင်ငံအရေး ပါရီမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောတာ ဖြစ်ပါတယ်။
ပြိုင်ဘက် လစ်ဗျား နိုင်ငံရေးအဖွဲ့အစည်းတွေ အငြင်းအခုံဖြစ်နေတဲ့ ရွေးကောက်ပွဲစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးအတွင်း အရေးတကြီး ပြုပြင်ပြောင်းလဲဖို့ အလေးပေး တိုက်တွန်းခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
လစ်ဗျားရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို နှောင့်ယှက်တဲ့ ဘယ်သူ့ကိုမဆို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကြာ ပဋိပက္ခကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ မဲခွဲဆုံးဖြတ်ပုံနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အငြင်းပွားမှုတွေ ရှိနေသေးတယ်လို့ သောကြာနေ့က ပဲရစ်မှာ ပြောခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ပြင်သစ်၊ လစ်ဗျား၊ ဂျာမနီ၊ အီတလီနဲ့ အီဂျစ်နိုင်ငံတို့မှ ခေါင်းဆောင်တွေအပြင် အမေရိကန် ဒုသမ္မတလည်း ပါဝင်ခဲ့ပါတယ်။
ဒီအစည်းအဝေးဟာ စီစဉ်ထားတဲ့ ဒီဇင်ဘာ ၂၄ ရက် ရွေးကောက်ပွဲအတွက် ကျောထောက်နောက်ခံ ခိုင်မြဲစေဖို့နဲ့ နိုင်ငံခြား အင်အားစုတွေကို ဖယ်ရှားဖို့ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။