Home
မြန်မာသတင်း
နတ်မောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံး
DVB
·
November 12, 2021
254111437_1215707328923275_6134330214211975205_n

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စခန်းမကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်က ရွာအဝင်လမ်းထိပ်မှာ ဂိမ်းဆော့နေတဲ့ လူငယ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံလူငယ် တယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ရွာက ကထိန်ပွဲအတွက် စျေးသွားဝယ်တဲ့စျေးကားကို စောင့်နေရင်းထိုင်ပြီး ဖုန်းဆော့နေကြတဲ့ ကလေး ငါးယောက်ကို စစ်သားတွေက အကြောင်းမဲ့လာပစ်သွားတာ။ ကလေး တယောက် သေနတ်မှန်ပြီးဆုံးသွားတယ်။ တယောက်ကိုလည်း ဖမ်းသွားသေးတယ်။ သားသမီးချင်း ကိုယ်ချင်းမစာကြဘူး” ပြောပါတယ်။

သေနတ်မှန်ပြီးသေဆုံးသွားသူဟာ ကိုဝေသူအောင်ဖြစ်ပြီး ရင်ဘတ်နဲ့ ခြေထောက်တို့မှာ ကျည်ဆန်ထိမှန်သေဆုံးသွားတာဖြစ်ပြီး လူငယ် တယောက်လည်း ဖမ်းဆီးခေါ်ဆောင်ခံရပြီး ကျန်လူငယ် သုံးယောက်ကတော့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘာသာ ကားစောင့်ရင်းထိုင်ပြီး ဂိမ်းဆော့နေကြတာ။ စစ်သားတွေက မူးမူးရူးရူးနဲ့ ရမ်းပစ်ကြတာ။ ကျနော်တို့က ပဲစဉ်းငုံခင်းတွေထဲဝင်ပြေးကြတာ။ ဝေသူအောင်က တော့ သေနတ်မှန်သွားတယ်။ ဟိန်းမြတ်သကိုတော့ ဖမ်းခေါ်သွားတယ်။ ကျနော်တို့ သုံးယောက်ကတော့ ကံကောင်းလို့ လွတ်လာတယ်” လို့ ထွက်ပြေးလွတ်မြောက်လာသူတဦးက ပြောပါတယ်။

မတရားဖမ်းဆီးခြင်းခံလိုက်ရတဲ့ ကိုဟိန်းမြတ်သူကတော့ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာပေမယ့် သေဆုံးသွားသူ ကိုဝေသူအောင်ရဲ့ ရုပ်အလောင်းကိုတော့ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းအထိ နတ်မောက်ပြည်သူ့ဆေးရုံကနေ ပြန်လည်ထုတ်ယူခွင့်မရရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ နတ်မောက်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ သေမှုသေခင်းနဲ့သာ အမှုဖွင့်လှစ်ထားပြီး အမှုဖွင့်လှစ်ထားတဲ့ သေမှုသေခင်း အမှတ်စဉ်နံပါတ်ကို ပြောဆိုဖို့ တာဝန်ကျရဲအရာရှိက ငြင်းဆန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားတွေရဲ့ ဆင်ခြင်တုံတရားမဲ့လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ဘဝတွေ၊ အသက်တွေဆုံးရှုံးနေကြရကြောင်း ဒေသခံက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024