မုံရွာတွင် လျှပ်စစ်ရုံးပစ်ခတ်ခံရပြီး စစ်သား ၁ ဦး သေဆုံး၊ စစ်တပ်သတင်းပေး ၁ ဦး ဓားထိုး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရုံကြီးလမ်းက မုံရွာလျှပ်စစ်ရုံးကို နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီ လောက်က သေနတ်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်သား ၁ ဦး သေဆုံး သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး  စစ်ကောင်စီဘက်မှ ၁၅ ချက်လောက် ပြန်လည်ပစ်ခတ်ပေမဲ့ ထိခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ PDF-SOUTH Monywa တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက မုံရွာတစ်မြို့နယ်လုံးကို မီတာစာရွက်တွေ လိုက်လံဖြန့်ချိတာ၊ မီတာဆောင်ဖို့ ပြည်သူလူထုကို ဖိအားပေးနေတာကြောင့် မုံရွာမြို့ပြပြောက်ကျားတပ်က  သတိပေး ပစ်ခတ်တာ လို့လည်း  ပြောပါတယ်။

မုံရွာမြို့ နန္ဒဝန်ရပ် ပုဏ္ဏမီ ၇ လမ်းမှာနေတဲ့ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်သူ တယောက်လည်း နို၀င်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီလောက်မှာ အသတ်ခံ လိုက်ရတယ်လို့ သိရပါတယ်။

အခုသတ်ခံသူ ကိုတင်ငွေဟာ စစ်ကောင်စီတပ်ကို နောက်ကွယ်ကနေ ထောက်ပံ့တာတွေ သတင်းပေးတာတွေ လုပ်နေသူဖြစ်တယ်လို့  ဒေသခံတစ်ဦးကပြောပါတယ်။

Monywa Heroes Groupရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ဆီကို စစ်တပ်သတင်းပေးသူဆိုပြီး သတင်းရောက်နေတာ ကြာပြီ။  သေချာအောင် စောင့်ကြည့်နေတာ။ သေချာလို့ ကျနော်တို့အဖွဲ့ နဲ့ PDF-South Monywa တို့ ပေါင်းပြီး  အခုလို လုပ်လိုက်တာ”လို့ ပြောပါတယ်။

အခုလိုသတ်ခံရတဲ့ ဦးတင်ငွေဟာ အသက် ၄၀ ရှိပြီး ဓားနဲ့ ၇ ချက်တိတိ ထိုးသတ်ခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မုံရွာမြို့နယ်က ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ အဆက်အသွယ် မလုပ်ကြဖို့၊  စစ်တပ်ထုတ်ကုန်တွေ ကို မသုံးကြဖို့လည်း  ဒေသတွင်းပြည်သူကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up