Monday, May 29, 2023
HomeLead Storyရာသီဥတုပြောင်းလဲမှု အမေရိကန်နှင့်တရုတ် ပူးပေါင်းကိုင်တွယ်မည်

ရာသီဥတုပြောင်းလဲမှု အမေရိကန်နှင့်တရုတ် ပူးပေါင်းကိုင်တွယ်မည်

ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ အများဆုံး ထုတ်လွှတ်တဲ့ ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာ ရာသီဥတု ပြောင်းလဲမှုကို ပူးပေါင်းကိုင်တွယ်ဖို့ သဘောတူညီချက်ကို နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သဘောတူညီချက်ထဲမှာ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး၊ သစ်တောတွေကို ကာကွယ်ရေးနဲ့ ကျောက်မီးသွေး သုံးစွဲမှု အဆင့်ဆင့် လျှော့ချဖို့တွေ ပါဝင်ပါတယ်။

သဘောတူညီချက် မူဘောင်ကို အမေရီကန် ရာသီဥတု သံတမန် ဂျွန်ကယ်ရီနဲ့ တရုတ် သံတမန် ရှဲ့ကျန်းဟွာတို့က စကော့တလန်နယ်မှာ ကျင်းပတဲ့ ကုလရာသီဥတုညီလာခံမှာ ကြေညာခဲ့တာပါ။

“အခုချိန်မှာ ခြေလှမ်းတိုင်း အရေးကြီးတယ်။ ကျနော်တို့ ရှေ့မှာ ခရီးရှည်ကြီး ရှိသေးတယ်” လို့ ကယ်ရီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီသဘောတူညီချက်ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ပစ်မှတ်အတွက် တရုတ်ကို ပိုအားဖြည့်ပေးတာ မြင်ရမှာဖြစ်ပြီး ၂ နိုင်ငံလုံးဟာ သစ်တောပြုန်းတီးမှု ရပ်တန့်ရေး ပိုလုပ်ချင်ပါတယ်လို့ တရုတ်သံတမန် ရှဲ့ကျန်းဟွာက စကားပြန််တဆင့် သတင်းထောက်တွေကို ပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်ကလည်း တရုတ်နဲ့ အမေရိကန်ကြား သဘောတူညီချက်ကို ကြိုဆိုလိုက်ပါတယ်။

ရာသီဥတုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာ ညီညွတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ပြီး ဒါဟာ မှန်ကန်တဲ့ ဦးတည်ချက်အတွက် အရေးပါတဲ့ ခြေလှမ်းပဲ လို့ ဂုတားရဲ့စ်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

ဗြိတိန်ဟာ ကမ္ဘာ့ရာသီဥတုညီလာခံကို စကော့တလန်နယ် ဂလပ်စ်ဂေါမြို့မှာ စီစဉ် ကျင်းပခဲ့တာပါ။

ကာဗွန်ထုတ်လုပ်မှု သုညဖြစ်ရေး ကတိကို ခိုင်မြဲစေဖို့ ရည်မှန်းကျင်းပတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးကို တရုတ် သမ္မတ ရှီကျင့်ဖျင်က လူကိုယ်တိုင် လာမတက်ခဲ့ဘဲ ခေါင်းဆောင်တွေ မိန့်ခွန်းပြောလေ့ရှိတဲ့ ညီလာခံ အဖွင့်ပိုင်းအတွက် ကြေညာချက် ပေးပို့ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ သူက ကတိထပ်မပေးဘဲ နိုင်ငံတွေအားလုံး ကတိတည်ကြဖို့နဲ့ ဘုံယုံကြည်ချက်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ အားဖြည့်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ရှီကျင့်ဖျင်က တရုတ်နိုင်ငံဟာ ၂၀၆၀ မတိုင်ခင် ကာဗွန်ဘက်ညီမှုကို ရအောင် ဆောင်ကြဉ်းမယ်လို့ စက်တင်ဘာလမှာ ကျင်းပတဲ့ ကုလ အထွေထွေညီလာခံမှာ ကတိပေးခဲ့ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular