စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့ဒီမိုကရေစီတိုးတက်မှု ရပ်တန့်သွားဟု ဒိန်းမတ်ဝန်ကြီးပြော

အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး သွေး ထွက်သံယိုမှုတွေကြောင့် မြန်မာ့ဒီမိုကရေစီတိုးတက်မှု ရပ်တန့်သွားခဲ့တယ်လို့ ဒိန်းမတ် နိုင်ငံဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒိန်းမတ်ဝန်ကြီး Flemming Møller Mortensen က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်အထိမ်းအမှတ် ထုတ်ပြန် ကြေညာချက်မှာ ခုလိုပြောလိုက်တာပါ။

“မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့တာ တစ်နှစ်ပြည့်ပါပြီ။ ဒီမိုကရေစီစနစ်ကို ထောက်ခံကြောင်းကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ရှင်းရှင်းလင်းလင်း ပြသခဲ့တဲ့ ရွေးကောက်ပွဲပါပဲ။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စပြီး သွေးထွက်သံယိုမှုတွေကြောင့် ဒီမိုကရေစီ တိုးတက်မှုက ရပ်တန့်လို့ သွားရပါပြီ” 

ဒါ့အပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံ သားတွေနဲ့အတူ ဒိန်းမတ်နိုင်ငံက ရပ်တည်နေကြောင်း၊ အကြမ်းဖက်မှုတွေ တိုးမြင့်လာပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်ချက် မြင့်မားလာတဲ့ အပေါ် အလွန်အမင်း စိုးရိမ်မိကြောင်းနဲ့ ဒိန်းမတ်နိုင်ငံအနေနဲ့ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ဒိန်းမတ် ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က မတရား အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံပဲ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လကျော် ကြာ မြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာပါ။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကြား တောရောမြို့ပါမကျန် တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၂၅၂ ယောက်ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၉၇၉ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇၀၉၁ ယောက်ကတော့ လက်ရှိချုပ် နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၈၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

More News
Up