Sunday, May 28, 2023
HomeLead Storyကုလလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးတံခါးပိတ်ဆွေးနွေး၊ ဒီမိုကရေစီလမ်းကြောင်းပြန်သွားရန် တောင်းဆို

ကုလလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးတံခါးပိတ်ဆွေးနွေး၊ ဒီမိုကရေစီလမ်းကြောင်းပြန်သွားရန် တောင်းဆို

မြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့  ပြည်သူ့ ဆန္ဒကို လေးစားလိုက်နာဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းဆီပြန်သွားဖို့    ကုလသမဂ္ဂက ထပ်မံ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ အဆုံးသတ်အောင်ကူအညီပေးဖို့  ပတ်သက်ပြီး နိုဝင်ဘာ ၈ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးကျင်းပ အပြီးမှာ ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က “ပြည်သူလူထုရဲ့ဆန္ဒကို လေးစားလိုက်နာဖို့နဲ့ တိုင်းပြည်ကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းဆီ ပြန်သွားဖို့ ကုလသမဂ္ဂအနေနဲ့  မြန်မာစစ်တပ်ကို ထပ်လောင်းတောင်းဆိုပါတယ်” လို့ပြောပါတယ်။

လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကျင်းပချိန်ဟာ မြန်မာနိုင်ငံမှာ ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့တဲ့  ၂၀၂၀ ရွေးကောက်ပွဲ တနှစ်ပြည့်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အဆိုပါလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးကို ဗြိတိန်နိုင်ငံရဲ့ ပန်ကြားမှုနဲ့ ကျင်းပတာလည်း ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ  စစ်တပ်က  စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်တဲ့ အကြောင်းနဲ့ ဒီလိုလုပ်ဆောင်နေတာဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကမြင်တွေ့ခဲ့ရတဲ့  ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို မြင်ယောင်မိပြီး အလားတူထပ်ဖြစ်မှာကို  စိုးရိမ်တယ်လို့   ဗြိတိန်လက်ထောက်သံအမတ်ကြီး ဂျိမ်းစ်ကရီယော့ကီက အစည်းအဝေးပြီး သတင်းထောက်တွေကို ပြောပါတယ်။ 

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုအကူအညီတွေတိုးပေးဖို့၊ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းတွေကိုဖြတ်တောက်ဖို့နဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု  ပိတ်ဆို့ဖို့လည်း  ဆွေးနွေးတာရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဧရာဝဏ်ယူဆော့ဖ်ကလည်း  အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံကို သွားရောက်ခွင့် ရရေးနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ရေး ကြိုးစားနေကြောင်း လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲကနေ ဆုံးဖြတ်ချက် တစုံတရာ ထွက်ပေါ်လာတာတော့ မတွေ့ရသေးပါဘူး။ 

PHOTO- UNSC  (ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ယခင်ကကျင်းပခဲ့သည့် မြန်မာ့အရေးဆွေးနွေးပွဲတခုမြင်ကွင်း။) 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular