လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် နည်းပြ ယာဂန်ကလော့ပ်က ဝေဖန်ခဲ့ပါတယ်။
မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းက လီဗာပူးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတာပါ။
ဝက်စ်ဟမ်းကွင်းလယ်လူ ဖော်နယ်စ်က ဒေါင့်ကန်ဘောကန်တင်ချိန်မှာ ဂိုးသမား အလက်ဆန်ရဲ့ ပခုံးကို ဝက်စ်ဟမ်းကစားသမားတွေက ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်လို့ ယာဂန်ကလော့ပ်က ပြောပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အဲဒီဒေါင့်ကန်ဘောကနေတဆင့် ဦးဆောင်ဂိုးရခဲ့ပြီး အလက်ဆန်က ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာပါ။
“အဲဒီဖြစ်ရပ်က အဓိကအခိုက်အတန့်ဖြစ်ခဲ့တယ်။ ဒါဟာ ဂိုးသမားကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တာပါ။ ဘယ်ကစားသမားက ကျူးလွန်တာလဲဆိုတာ မသဲကွဲပေမဲ့ အလက်ဆန်ရဲ့ ပခုံးကို တွန်းထိုးခဲ့ကြလို့ သူ့အနေနဲ့ ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်တော့မှာလဲ” လို့ ကလော့ပ်က မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဆင်ခြေပေးတယ်လို့ ဝေဖန်မှာသိပေမဲ့ အဲဒီလိုမဟုတ်ကြောင်း၊ လီဗာပူးအသင်းက ရှုံးပွဲမရှိလောက်အောင် ကောင်းလွန်းနေတဲ့အသင်း မဟုတ်လို့ အရှုံးအပေါ် လက်ခံနိုင်ကြောင်း ကလော့ပ်က ပြောပါတယ်။
ဒါ့အပြင် ဟန်ဒါဆန်ကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တဲ့ ခရစ်ဝဲလ်ကိုလည်း အနီကတ်ပြသသင့်ကြောင်း ကလော့ပ်က မှတ်ချက်ပေးခဲ့ပါတယ်။