နှစ်နိုင်ငံ နယ်စပ်အဝင်အထွက်ဂိတ်များ ယခုလပြန်ဖွင့်ရေး ဆောင်ရွက်မည်ဟု တရုတ်ပြော

နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ ကျယ်ဂေါင်မှာ ပိတ်မိနေတဲ့ မြန်မာကုန်တွေကိစ္စကို ကနဦး ဖြေရှင်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကျင်ဆန်းကျော့ဂိတ်နဲ့ ဝမ်တိန်ဂိတ်တွေကိုလည်း အခုလအတွင်း အမြန်ဆုံး ပြန်ဖွင့်လှစ်နိုင်ဖို့ ကြီုးစားဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံဘက်က အသိပေးပြောဆိုခဲ့ကြောင်း မူဆယ်  အခြေစိုက်ကုန်သည်တွေဆီက သိရပါတယ်။

မူဆယ်မြို့ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဝင်ထွက် ဂိတ်ပေါက်ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လဆန်းပိုင်းမှာ တရုတ်နိုင်ငံဘက်က လုံး၀ ပိတ်လိုက်တာပါ။

အဲဒီလိုနှစ်နိုင်ငံ နယ်စပ်ဂိတ်တွေ လနဲ့ချီပြီးပိတ်ထားတာကြောင့် ရွှေလီမြို့မှာ  အရောင်းအဝယ်တွေ ရပ်တန့်သွားပြီး စီးပွားရေးကျပ်တည်းလာတာကြောင့် ရွှေလီမြို့တွင်း ဒေသခံပြည်သူတွေက နယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးဖို့ နိုဝင်ဘာလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ  တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြတောင်းဆိုမှုတွေအပြီး နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာတော့ တရုတ်နိုင်ငံဘက်က နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ရွှေလီမြို့မှာ အထူးအစည်းအဝေး တရပ် ပြုလုပ်ခဲ့တယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မူဆယ်နယ်စပ် ဝင်ထွက်ဂိတ်တွေ ကို စတင်ပိတ်ချိန်က တရုတ်နိုင်ငံကို တင်ပို့မဲ့ မြန်မာ့လယ်ယာထွက်ကုန်ကားတွေ ပြည်တွင်းကို ပြန်လှည့်ခဲ့ရပြီး အများအားဖြင် မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်းစန်းကျော့-လွင်အင် စတဲ့ နေရာတွေက ဂိုဒေါင်တွေမှာ ကုန်ပစ္စည်းတွေ ချထားခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီကုန်ပစ္စည်းတွေဟာ ဂိုဒေါင်တွေမှာ ပိတ်မိနေတာ အခုဆိုရင် အချိန် ၄ လခန့်ကြာမြင့်ပြီ ဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ဂိုဒေါင်ခ၊ ဆေးဖြန်းခ စတဲ့ စရိတ်စကတွေ ပိုမိုကုန်ကျကာ ကုန်သည်တွေ နေ့စဉ် နစ်နာနေရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up