Thursday, June 8, 2023
HomeLead Storyရွေးကောက်ပွဲရှုံးသည့်ပါတီများနှင့် စစ်ကောင်စီကော်မရှင် ရွေးကောက်ပွဲစနစ်ပြောင်းရန် ဆွေးနွေး

ရွေးကောက်ပွဲရှုံးသည့်ပါတီများနှင့် စစ်ကောင်စီကော်မရှင် ရွေးကောက်ပွဲစနစ်ပြောင်းရန် ဆွေးနွေး

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့   စစ်ကောင်စီခန့်  ရွေးကောက်ပွဲကော်မရှင်တို့ ရွေးကောက်ပွဲစနစ်ပုံစံ ပြောင်းလဲနိုင်ဖို့  ရန်ကုန်မှာ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ မဲများသူ အနိုင်ရတဲ့ စနစ် (FPTP) ကနေ မဲရတဲ့အချိုးအလိုက် လွှတ်တော်ကို တက်ရောက်ခွင့်ရမယ့် (PR) ပုံစံကို ဆွေးနွေးနေကြတာပါ။

စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက PR စနစ်ရဲ့ အားသာချက်ကတော့ လူဦးရေအချိုးအစားအလိုက် ညီမျှတဲ့ ကိုယ်စားလှယ်အရေအတွက်ရတာ၊ ပါတီတွေအနေနဲ့ ရတဲ့ မဲ အချိုးအစားအလိုက် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်နိုင်တာကြောင့် ပါတီငယ်တွေ၊ တသီးပုဂ္ဂတွေလည်း အခွင့်အရေးရတာ၊ တပါတီကြီးစိုးတဲ့ စနစ် အားနည်းသွားစေတာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

တက်ရောက်လာတဲ့ ပါတီတွေထဲက မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီက ဦးဌေးကျော်က PR စနစ်ကို သဘောတူကြောင်းပြောပြီး ပြည်သူ့ရှေ့ဆောင်ပါတီက ဒေါက်တာ မျိုးဆက်သွေးက အချိုးကျကိုယ်စားပြု စနစ်တခုဖြစ်တဲ့ Closed List စနစ်နဲ့ စတင်ပြီး ရွေးကောက်ပွဲကာလ သက်တမ်း ၂ ခုပြီးမှ Open List စနစ်ကို သွားသင့်တယ်လို့ ပြောပါတယ်။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ဦးမျိုးညွန့်ကလည်း PR စနစ် ပြောင်းလဲတာကို ကြိုဆိုပြီး စစ်ကောင်စီအနေနဲ့ အာဏာ ၃ ရပ်ကို ဆောင်ရွက်နိုင်တဲ့အတွက် ဥပဒေပြင်ဆင်တာတွေကို ရဲရဲဝံ့ဝံ့လုပ်စေချင်တယ် လို့ ပြောခဲ့ပါတယ်။

၂၀၂၁ ပြည့်နှစ် ဖေဖော်ဝါရီနဲ့ မေလတို့မှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတချို့ တွေ့ဆုံခဲ့ကြပြီး ၁၆ ပါတီက PR စနစ်နဲ့ ပတ်သက်တဲ့ စာတမ်းတွေ ပေးပို့ခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အင်အားကြီးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီကြီးတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပါတီတို့ကတော့ တက်ရောက်ခြင်းမရှိပါဘူး။

PR စနစ်နဲ့ ရွေးကောက်ပွဲသစ်ကျင်းပဖို့ စစ်ကောင်စီကကြိုးပမ်းနေတာနဲ့  ပတ်သက်ပြီး (SNLD)ပါတီပြောရေးဆိုခွင့်ရှိသ ဦးစိုင်းလိတ်က “ PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်တာ ဘာရည်ရွယ်ချက်နဲ့လဲ၊ တိုင်းရင်းသားတွေရဲ့အသံကို လွှတ်တော်ထဲ ရောက်စေချင်ရုံလား။ ဒါမှမဟုတ် တခြားနိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာလား၊ ကွဲကွဲပြားပြား သိဖို့လိုအပ်ပါတယ်။ တိုင်းပြည်တည်ငြိမ်တိုးတက်ဖို့ လုပ်မယ်ဆိုရင် PR စနစ် ပြောင်းလဲကျင့်သုံးရုံနဲ့ မလုံလောက်ပါဘူး။ နိုင်ငံရေးစနစ်ပါ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အမျိုးသားတိုင်း နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး.. စတာတွေမှာ တန်းတူညီမျှစွာ စုပေါင်းပါဝင်ဆောက်ရွက်ခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးနိုင်မှ တည်ငြိမ်အေးချမ်းတိုးတက်တဲ့တိုင်းပြည်ကို တည်ဆောက်နိုင်မှာပါ။” လို့ သုံးသပ်ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ နိုဝင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ ၃ ရက်ကြာ ကျင်းပနေတာဖြစ်ပြီး ဒီနေ့ ဒုတိယနေ့အဖြစ် ဆက်လုပ်နေကာ  နိုင်ငံရေးပါတီ ၅၃ ပါတီက ကိုယ်စားလှယ်  ၉၃ ယောက်နဲ့ အရပ်ဘက် ကိုယ်စားလှယ် အယောက် ၂၀ တက်ရောက်နေပါတယ်။

Photo -DSINFO

RELATED ARTICLES
- Advertisment -
Google search engine

Most Popular