စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့ ယာဉ်မောင်း ဇနီးမောင်နှံနဲ့ ယောက်ဖဖြစ်သူတို့ကို အန်အယ်လ်ဒီပါတီအလံ၊ တံဆိပ်တွေနဲ့ လက်ကိုင်စကားပြောစက် လက်ဝယ်ထားရှိတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။
ယာဉ်မောင်းရဲ့ ဇနီးမမေစိုးထိုက်နဲ့ ယာဉ်မောင်းရဲ့ ယောက်ဖဖြစ်သူ ကိုကျော်စွာဝင်းတို့ကို နိုဝင်ဘာ ၄ ရက်နေ့မှာ စစ်ကောင်စီက အရင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆားလင်းကြီးဘက်ကို တိမ်းရှောင်နေတဲ့ ယာဉ်မောင်း ကိုဧနိုင်ဦးထက်အောင်က “ ငါ့ကိစ္စ ငါရှင်းမယ်” ဆိုပြီး နိုဝင်ဘာ ၅ ရက်နေ့မှာ ရေဦးရဲစခန်းကို လာရောက် အဖမ်းခံခဲ့တာလို့ သူတို့နဲ့ နီးစပ်တဲ့ မိတ်ဆွေတဦးက ပြောပါတယ်။
“ကိုဧနိုင်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ ယာဉ်မောင်းဗျ။ လက်ကိုင်စကားပြောစက်တွေကလည်း အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ရဲတပ်ဖွဲ့က တရားဝင်လာရောက်ပေးထာတဲ့ စက်တွေဖြစ်တယ်။ အန်အယ်လ်ဒီအလံတွေကလည်း ရွေးကောက်ပွဲ စည်းရုံးရေးအပြီး လူကြီးတွေက ပါတီအလံနဲ့ အမှတ်အသားတွေ သူတို့အိမ် မထားရှိရဆိုတဲ့ သတ်မှတ်ချက်ကြောင့် အိမ်ယူလာပြီး သိမ်းထားတာ။”
ဖမ်းဆီးခံရသူ ၃ ဦးကို လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို ဘာအမှုနဲ့ ဖမ်းဆီးတယ်ဆိုတာလည်း သေသေချာချာ မသိရသေးပါဘူး။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဖော်ဝါရီ ၁ ရက်နေ့မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ တစ်ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ဒီနောက် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က ပြန်လည်ဖမ်းဆီးသွားပါတယ်။
Photo-စစ်ကောင်စီ Page