Sunday, May 28, 2023
HomeLead Storyအန်အယ်လ်ဒီပါတီ ဗဟိုအလုပ်ကော်မတီဖွဲ့စည်း၊ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်အပ်နှံရေး ကြိုးပမ်းမည်

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်ကော်မတီဖွဲ့စည်း၊ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်အပ်နှံရေး ကြိုးပမ်းမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က   ဗဟိုအလုပ်ကော်မတီ (Central Working Committee)ကို အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး  ပြည်သူတို့ရဲ့ အခွင့်အာဏာကို ပြည်သူ့ထံသို့ ပြန်လည်အပ်နှံနိုင်ရေး ကြိုးပမ်းသွားမယ်လို့ နိုဝင်ဘာ ၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာခင်ဆောင်နဲ့  ဇန်နဝါရီ ၃၀ ရက်က ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တဲ့ (Steering Committee) မှ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့နဲ့  ၇ ဦးက အခု အသစ်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်ကော်မတီမှာ တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က ကျင်းပတဲ့  အန်အယ်လ်ဒီပါတီရဲ့ ဗဟိုရေးရာကော်မတီတွေ၊ ပြည်နယ်နှင့်တိုင်း တာဝန်ခံတွေ တက်ရောက်တဲ့ အစည်းအဝေးမှာ တက်ရောက်လာသူ အားလုံးရဲ့ သဘောတူညီချက်အရ ခုလိုဖွဲ့စည်းလိုက်တာလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က တရားမဝင် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အန်အယ်လ်ဒီပါတီ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နဲ့   သမ္မတ ဦးဝင်းမြင့် အပါအဝင် ပါတီထိပ်တန်း တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို  စစ်တပ်က ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲနေတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း ပြည်နယ်နဲ့ တိုင်း၊ မြို့နယ်နဲ့ ရပ်ကျေး အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကိုလည်း ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ ဖမ်းဝရမ်းထုတ်တာတွေလည်း ပြုလုပ်ခဲ့တဲ့ အပြင်  ပါတီရုံးတွေကို ချိတ်ပိတ်တာ၊ ဗုံးခွဲတာ၊ ပါတီဆိုင်းဘုတ်တွေနဲ့ အလံတွေကိုလည်း  ဖြုတ်ချ ဖျက်ဆီးတာတွေကိုလည်း စစ်အုပ်စုက ပြုလုပ်နေတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခက်အခဲအမျိုးမျိုးကြားက ပြည်သူတို့ရဲ့ အခွင့်အာဏာကို ပြည်သူ့ထံသို့ ပြန်လည်အပ်နှံနိုင်ရေးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားနေတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular