ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ရွှေကျေးရွာအုပ်စုမှာ နိုဝင်ဘာ ၄ ရက်နေ့ညပိုင်းက အထက်တန်းကျောင်းထဲ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ရွှေကျေးရွာအုပ်စု အထက်တန်းကျောင်းထဲ ဆရာဆရာမတွေ နားနေဆောင်နာမှာ ည ၇ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးပေါက်တာ အသံတော်တော်ကျယ်တယ်။ အဲ့နောက်ပိုင်း မီးစွဲလောင်တာ ရွာသားတွေတော့ မီးသွားငြိမ်းပေးတာရှိတယ်၊ ထိခိုက်တာမျိုးတော့ မရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတွေ အုပ်စုလိုက်ရောက်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းထဲဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ မသိရသေးပေမယ့် စစ်အုပ်စုတပ်သားတွေ စစ်ဆေးချိန်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ ထပ်တွေ့ခဲ့တာရှိတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ပြောက်ကျား စစ်ဆင်ရေးတပ်ပေါင်းစုက တာဝန်ရှိသူ ဗိုလ်ဖြူလေးက ကျောင်းတွေ ဆေးရုံတွေနဲ့ အနီးတဝိုက်မှာ သူတို့အနေနဲ့ စစ်ဆင်ရေးပြုလုပ်မှာမဟုတ်ဘူးလို့ DVB ကို ပြောဆိုထားပါတယ်။