Sunday, June 11, 2023
HomeLead Storyနတ်မောက်နှင့် မြို့သစ်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပြိုင်အဆိုင်နုတ်ထွက်

နတ်မောက်နှင့် မြို့သစ်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပြိုင်အဆိုင်နုတ်ထွက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်တို့က ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေဟာ နိုဝင်ဘာ ၂ ရက်နေ့ကစတင်ပြီး အပြိုင်အဆိုင် နုတ်ထွက်စာတွေတင်နေကြတယ်လို့ သိရပါတယ်။

နတ်မောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတဦးက ”ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်သွားကြတာ ၂၅ ယောက်လောက်ရှိပြီ။ ကျန်တဲ့သူတွေကလည်း နုတ်ထွက်ကြဦးမယ် ကြားနေရတယ်” လို့ အတည်ပြုပြောပါတယ်။

နတ်မောက်မြို့နယ်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၀ ဝန်းကျင်ရှိပြီး မြို့သစ်မြို့နယ်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

”နိုဝင်ဘာ ၂ ရက်နေ့ကနေဆို ဒီကနေ့အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၇ ယောက်လောက်မရှိပြီ။ နေ့တိုင်းလိုလို နုတ်ထွက်စာလာတင်နေကြတာ။ ကျနော်တို့လည်း မဖြစ်သာလို့ ဆက်လုပ်နေတာ စိတ်မပါတော့ဘူး” လို့ မြို့သစ်မြို့၊ ထွေအုပ်ရုံးဝန်ထမ်းတဦးက ပြောပါတယ်။

နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်က နုတ်ထွက်သွားကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ ကျန်းမာရေးမကောင်းတာကြောင့် အုပ်ချုပ်ရေးမှူးတာဝန်ကို ဆက်လက်မယူနိုင်ဘဲ နုတ်ထွက်ကြတာလို့ သိရပါတယ်။

မြို့သစ်မြို့နယ်က နုတ်ထွက်စာတင်သွားတဲ့ အုပ်ချုပ်ရေးမှူးတဦးက ”စစ်ကောင်စီတပ်က ကျနော်တို့ရဲလုံခြုံရေးကို တာဝန်မယူနိုင်တော့ဘူး။ နတ်မောက်နယ်ကော၊ မြို့သစ်နယ်ကော အုပ်ချုပ်ရေးမှူးတွေ မကြာခဏအသတ်ခံနေရတာ ကိုယ့်အလှည့်ဘယ်တော့ရောက်မလဲဆိုပြီး အိပ်လို့တောင်မပျော်တော့တဲ့အဆုံး နုတ်ထွက်စာတင်လိုက်တာ” လို့ ပြောပါတယ်။

နုတ်ထွက်သွားကြတဲ့ အုပ်ချုပ်ရေးမှူးအများစုဟာ သူတို့ရဲ့နေအိမ်မှာသာ ဆက်လက်နေထိုင်နေကြပြီး တချို့တွေကတော့ တဦးတည်းတိမ်းရှောင်သွားကြပြီး မိသားစုလိုက်တိမ်းရှောင်ထွက်ပြေးသွားကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဗိဿနိုးကာကွယ်ရေးတပ်မတော်ရဲ့တာဝန်ခံက “သူတို့ကို ဒီအတိုင်းလွှတ်မထားပါဘူး။ စောင့်ကြည့်ရဦးမှာပေါ့။ လူမြင်ကောင်းရုံ နုတ်ထွက်စာတင်ပြီး နောက်ကွယ်ကနေ သတင်းပေးဒလန်လုပ်နေရင်တော့ မလွယ်ဘူးမှတ်။ ပြည်သူတွေကလည်း ကျနော်တို့နဲ့ ပူးပေါင်းပါဝင်ပေးကြပါ” လို့ ပြောပါတယ်။

နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောက်ခြေထောက်တိုင်ဖြစ်တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ၁၄ ရက်အတွင်း နုတ်ထွက်ကြဖို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က နိုဝင်ဘာ ၁ ရက်နေ့က ကြေငြာချက်ထုတ်ပြန်ထားပြီးနောက်ပိုင်း အခုလို အပြိုင်အဆိုင် နုတ်ထွက်နေကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular