Home
ဆောင်းပါး
လူထုခုံရုံး
DVB
·
November 3, 2021

ဖေဖော်ဝါရီ ၁ ရက်၊ မတရားစစ်အာဏာသိမ်းချိန်မှစ၍ စစ်အုပ်စုသည် နေ့စဉ်နှင့်အမျှ ပြည်သူလူထုကို ဖိနှိပ်လျက်ရှိသည်။ ၎င်း၏ဖိနှိပ်မှုမှာ လျော့ကျမသွားဘဲ တနေ့ထက်တနေ့ ပို၍သာဆိုးရွားလျက်ရှိ၏။ 

၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ (ဂ) ဖြစ်သော “အများပြည်သူ၏ လုံခြုံရေးကို ဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကို ဖြစ်စေ၊ အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကို ဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖြစ်စေ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများ” ကို ချိုးဖောက်ကာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရောက်ရှိလာတော့သည်။ 

ပြည်တွင်းဥပ‌ဒေများကို ဗြောင်ဖောက်ရုံမျှသာမက နိုင်ငံတကာဥပဒေများကိုလည်း မျက်ကွယ်ပြု ချိုးဖောက်လျက်ရှိသည်။ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတကာရာဇဝတ်မှု ဖြစ်သည့် ရောမ သဘောတူစာချုပ် အပိုဒ် ၇ ရှိ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သည့်ပြစ်မှုများကိုလည်း ဆက်တိုက်ကျူးလွန်နေပေသည်။

Crime against humanity

လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သော ပြစ်မှု (Crime Against Humanity) ဟူသည် အရပ်သားပစ်မှတ်များအပေါ် စနစ်တကျဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဦးတည်တိုက်ခိုက်သော လုပ်ရပ်များကို ဆိုလိုသည်။ 

ထိုပြစ်မှုများကို များသောအားဖြင့် နိုင်ငံအဆင့်ပေါ်လစီများ၊ အဖွဲ့အစည်းတစ်ခုမှ ပေါ်လစီများ ချမှတ်ကာ ကျူးလွန်လေ့ရှိကြသည်။ 

Genocide နှင့် မတူသည်မှာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုသည် အုပ်စုတစ်စုအပေါ် သီးသန့်ရည်ရွယ်ပြီး တိုက်ခိုက်စရာမလို‌ပေ။ မည်သည့်လူမျိုး၊ ဘာသာ၊ ဇာတိပုညကိုမဆို တိုက်ခိုက်ခြင်း ဖြစ်သည်။ ယင်းလူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုများသည် စစ်ဖြစ်သည့်အချိန်၌သာမက သာမန်အ‌ချိန်များတွင်ပါ ဖြစ်ပွားနိုင်သည်။ ထို့အပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှု၌ အလုံးစုံပြစ်မှုမြောက်သော ရည်ရွယ်ချက်ရှိရန် မလိုပေ။‌ အောက်တွင်ပါရှိသော လုပ်ရပ်များထဲမှ တခုခုနှင့် အကျုံးဝင်ကြောင်း သက်သေပြနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။

ရောမသဘောတူစာချုပ် အပိုဒ် ၇

ထိုလူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ရောမသဘောတူစာချုပ် အပိုဒ် ၇ တွင် ယခုလို တိတိကျကျ ဖော်ပြထားသည်။

(က) သတ်ဖြတ်ခြင်း

(ခ) အမြစ်ဖြတ် သုတ်သင်ခြင်း

(ဂ) ကျွန်ပြုခြင်း

(ဃ) အတင်းအကျပ် ရပ်ရွာစွန့်ခွာ နေရာရွှေ့ပြောင်းစေခြင်း

(င) နိုင်ငံတကာဥပဒေ၏ အခြေခံစည်းမျဥ်းများကို ချိုးဖောက်၍ ဖမ်းဆီးချုပ်နှောင်ခြင်း အခြားသော ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို တားဆီးပိတ်ပင်ခြင်း။

 (စ) ညှဥ်းပန်းနှိပ်စက်ခြင်း

(ဆ) လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုခြင်း

(ဇ) နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ကျား/မ စသည့် အစုအဖွဲ့များ၏ အခြေခံအခွင့်အရေးများကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ဖိနှိပ်ခြင်း

(ဈ) လူများကို အတင်းအကျပ် ဖျောက်ဖျက်ခြင်း

(ည) ခွဲခြားဆက်ဆံမှုကို အခြေခံသည့်ပြစ်မှု

(ဋ) ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် နာကျင်ထိခိုက်စေရန်အလို့ငှာ ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ ပြုလုပ်ခြင်း

စစ်အုပ်စု၏ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုများ

ပြည်သူအပေါ် ဖိနှိပ်၊ ညှင်းပန်းကာ လူမဆန်စွာ သတ်ဖြတ်နေသော စစ်အုပ်စုသည် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများကို ကျူးလွန်နေသည်ကို အောက်ပါ အထောက်အထားများအ ရသိရှိနိုင်ပေသည်။

ရောမသဘောတူစာချုပ်၏ အပိုဒ် ၇(က) အချက်ဖြစ်သည့် သတ်ဖြတ်သုတ်သင်ခြင်း ဆိုသည်မှာ နိုင်ငံအဆင့်၊ အဖွဲ့အစည်းအဆင့် ပေါ်လစီများဖြင့် မည်သည့်အရပ်သားအစုအဝေးကိုမဆို ရည်ရွယ်ချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုများကို ဆိုလိုသည်။

စစ်တပ်သည် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက ၎င်းကို ဆန့်ကျင်ဆန္ဒပြသူ၊ ပြည်သူအပေါင်းကို နေ့စဉ်နဲ့အမျှ ပစ်ခတ် သတ်ဖြတ်ခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည်။ 

ငါတို့ကို ဆန့်ကျင်တဲ့ ဘယ်သူကိုမဆို ဖိနှိပ်ညှင်းပန်းသတ်ဖြတ်မည်ဟူသည့် ရည်ရွယ်ချက်ထားကာ လုပ်ဆောင်လျက်ရှိသည်။ 

AAPP၏ ဖော်ပြချက်အရ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သဖြင့် သတ်ဖြတ်ခံရသော ပြည်သူအရေအတွက်မှာ နိုဝင်ဘာ ၂ ရက်အထိ ၁၂၃၃ ဦး ရှိပြီ ဖြစ်သည်။

ထို့ပြင် ကိုဗစ်တတိယလှိုင်းတုန်းကလည်း ပြည်သူများအတွက် အောက်ဆီဂျင်အိုး မရရှိအောင် ကန့်သတ်ပိတ်ပင်မှုများ (ထိုအကြောင်းကို အကြမ်းဖက်စစ်တပ်မှ ဇော်မင်းထွန်းကိုယ်တိုင် ဇူလိုင် ၁၂ သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံထား) လုပ်ဆောင်ပြီး အောက်ဆီဂျင် ပြတ်လပ်ပြီး သေအောင်သတ်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။ 

မကြာ‌သေးခင် စက်တင်ဘာ ၂၆ ရက်ကလည်း ချင်းပြည်နယ်ကို အချိန် သီတင်းနှစ်ပတ်အတွင်း စစ်ရေးအရ အပြတ်ချေမှုန်းမယ်ဟု ပြောကြားပြီးနောက် ချင်းပြည်နယ်အတွင်း အကြမ်းဖက် မီးရှို့ သတ်ဖြတ်မှုများ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားသည်။

အပိုဒ်ခွဲ (ခ) အရ အမြစ်ဖြတ် သုတ်သင်ခြင်းဆိုသည်မှာ လူဦးရေ၏ အစိတ်အပိုင်းတရပ်ကို ဖျက်ဆီးရန်အတွက် အစားအသောက်၊ ဆေးဝါး စသည့် အသက်ရှင်ရန် လိုအပ်သည့် အခြေအနေများ ပျောက်ကွယ်သွားအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းကို ဆိုလိုသည်။ 

ယင်းအပိုဒ်ခွဲ (ခ) နှင့်ပတ်သက်လျှင် အကြမ်းဖက်စစ်အုပ်စု၏ အထင်ရှားဆုံး လုပ်ရပ်မှာ ဇွန် ၈ ရက်နေ့တွင် ကရင်နီ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ တစ်သိန်းခန့် ခိုလှုံနေသည့် ဖယ်ခုံမြို့နယ်သို့ သယ်ဆောင်သွားသည့် ဆန်၊ ဆေးနှင့် အခြား မရှိမဖြစ် လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့်အတူ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ကားများကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ 

ချင်းပြည်နယ်မှ မင်းတပ် စသည့်‌ဒေသများနှင့် အနောက်မြောက်လွင်ပြင်ဒေသများတွင်လည်း အလားတူလုပ်ရပ်များကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ပေသည်။

(ဂ) ကျွန်ပြုခြင်း

လူတစ်ဦးမှ အခြားသူတစ်ဦးအား အလိုမတူဘဲ အတင်းအဓမ္မ လုပ်ဆောင်ခြင်းမျိုး၊ လူတစ်ဦး၏ ပိုင်ဆိုင်မှုအခွင့်အရေးနှင့် တွဲဖက်ပါလာသည့် အာဏာကို အခြားလူတစ်‌ယောက်အပေါ် အလွဲသုံးစားပြုလုပ်ခြင်း၊ လူကုန်ကူးခြင်းကဲ့သို့ လုပ်ရပ်များ။ 

ထိုအချက်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စုသည် အလိုမတူဘဲ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သည့် ပေါ်တာဆွဲတာမျိုးကို လုပ်ဆောင်နေသည်။ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် အတွင်းရှိ ကျေးရွာအုပ်စုများထဲတွင် စစ်ကောင်စီတပ်မှ ပေါ်တာဆွဲနေသည့်အတွက် ဒေသခံ ပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် ကရင် အမျိုးသား အစည်းအရုံး KNU သတင်းနှင့် ပြန်ကြားရေးဌာန ဩဂုတ်လဆန်းပိုင်းက ပြောဆိုထားသည်။ 

ဟားခါး-ဖလမ်းဒေသလမ်းပိုင်းနဲ့ မင်းတပ်-မတူပီလမ်းများတွင် စစ်အုပ်စုမှ ပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း DVB ၏ 27 October, 2021သတင်းတွင် ဖော်ပြထားသည်။

အပိုဒ်ခွဲ (ဃ) အရ အတင်းအကျပ် ရပ်ရွာစွန့်ခွာ နေရာရွှေ့ပြောင်းစေခြင်း ဆိုသည်မှာ နိုင်ငံတကာဥဒေနှင့်လည်း မညီဘဲ အင်အားသုံးဖိအားပေးခြင်း၊ နယ်မြေရှင်းလင်းခြင်းတို့ကြောင့် တရားဝင်နေထိုင်လျက်ရှိသော မိမိနေရပ်မှ မဖြစ်မနေ စွန့်ခွာသွားရခြင်းတို့ကို ဆိုလိုသည်။ 

အကြမ်းဖက်စစ်အုပ်သည် မကြာသေးမီကပင် (စက်တင်ဘာ ၂၆ ရက်နေ့) မန္တလေးတိုင်းမှ ရွာသုံးရွာတွင် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့သည်။ 

“မင်းတို့ကို သုံးရက် အချိန်ပေးမယ်။ ထွက်မပေးရင် ရွာကို မီးရှို့ဖျက်ဆီးမယ်။ ဘူဒိုဇာနဲ့ ထိုးမယ်”ဆိုပြီး ခြိမ်းခြောက်သွားကာ ရွာထဲက ဆိုင်းဘုတ်များ၊ ခြံစည်းရိုးများကိုလည်း ဖျက်ဆီး ရိုက်ချိုးသွားခဲ့သည်။  ထိုကဲ့သို့ ဖျက်ဆီးမှုများ၊ မီးရှို့မှုများမှာ နိုင်ငံအဝန်း ဖြစ်ပွားနေသည်။ 

အထူးသဖြင့် စစ်ကိုင်းတိုင်းရှိ ကနီ၊ ယင်းမာပင်၊ မကွေးတိုင်းအတွင်းရှိ နှမ်းခါးရွာကဲ့သို့ ရွာများတွင် အဆိုးဆုံးဖြစ်သည်။ ဒေသခံ ပြည်သူများအား မိမိနေရပ်တွင် နေထိုင်၍မရအောင် မီးရှို့ ဖျက်ဆီး လုယက်မှုများကို ကျူးလွန်လျက်ရှိသည်။

အောက်တိုဘာလမှစ၍ ခင်ဦးမြို့နယ်ရှိ ပျဉ်ထောင်၊ မကျည်းတုံ၊ မဒေါင်းလှ၊ ရွာသစ် စသည့် ကျေးရွာများ၊ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှ ကျေးရွာများတွင် စစ်တပ်မှ တပ်စွဲလျက် အနီးဝန်းကျင်ရှိ ရွာများသို့ တရွာပြီးတရွာ ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရသည်။

( ထန်တလန်မြို့ မီးလောင်နေသည့်မြင်ကွင်း- Photo- The ChinlandPost )

အဆိုးရွားဆုံးလုပ်ရပ်မှာ အောက်တိုဘာ ၂၉ တွင် စစ်ကောင်စီတပ် မီးရှို့သဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ နေအိမ် ၁၆၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး ထိုအထဲတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း နှစ်ခု၊ CB ဘဏ်တို့ ပါဝင်ခဲ့သည်။ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ‌ကြောင့် မြို့ပေါ်တွင်လည်း နေထိုင်သူများ မရှိကြတော့ပေ။

အပိုဒ်ခွဲ (င) အရ နိုင်ငံတကာဥပဒေ၏ အခြေခံစည်းမျဥ်းများကို ချိုးဖောက်၍ ဖမ်းဆီး ချုပ်နှောင်ခြင်း အခြားသော ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို တားဆီးပိတ်ပင်ခြင်း ဆိုသည့်အချက်မှာတော့ ဆိုဖွယ်ရာ မရှိတော့ပေ။ 

စစ်အုပ်စုကို ဆန့်ကျင်ဆန္ဒပြသည့် မည်သူ့ကိုမဆို ဖေဖော်ဝါရီလမှ စတင်ကာ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်သည်။ တချို့ဖြစ်ရပ်များတွင် ဖမ်းဆီးချုပ်နှောင်ရုံတင်မက ညှဉ်းပန်းနှိပ်စက်ပြီးနောက် အသက်ဆုံးရှုံးသွားရတာမျိုးပင် ရှိသည်။ 

စက်တင်ဘာ ၂၈ ရက် RFA သတင်းအရဆိုလျှင် စစ်ကြောရေး၌ သေဆုံးရသူ စုစုပေါင်း ၅၄ ဦးရှိပြီ ဆို၏။ ပြည်သူများအနေဖြင့် အပြင်ထွက်လျှင်လည်း လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိ။ တရားခံတစ်ယောက်လို စစ်ခံရ၊ ဟိုဘက်က မသွားရ၊ ဒီဘက်က မလာရ ဆိုသည့် တားဆီးပိတ်ပင်မှုများကို ပြည်သူတိုင်း ကြုံတွေ့နေရပေတော့သည်။  ဆိုရလျှင် အပြင်ထွက် သွားလာရမည်ကိုပင် ထိတ်လန့်လျက်ရှိကြသည်။

အပိုဒ်ခွဲ (စ) ညှဥ်းပန်းနှိပ်စက်ခြင်း

စိတ်ပိုင်းဆိုင်ရာကို ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာကို ဖြစ်စေ ပြင်းထန်စွာ နာကျင်ခံစားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ မြန်မာပြည်သူထုသည် စစ်အာဏာသိမ်းကတည်းက လက်ရှိအချိန်ထိ စိတ်ပိုင်းဆိုင်ရာလည်း လုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်မှုများစွာ ရင်ဆိုင်နေရသည်။ 

ညဘက်ပိုင်းတွင် ငါ့များ လာဖမ်းခေါ်သွားမလား ဆိုသည့်အတွေးက လူတိုင်းလိုလို တွေးမိကြသည်။ ညရောက်မှာကိုပင် စိုးရိမ်ကြောက်ရွံ့နေကြရသည်။

ဖမ်းဆီးခံရသူများကိုလည်း‌ ထောင်များ၊ အချုပ်များတွင် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ခံစားရစေရန် နည်းအမျိုးမျိုးဖြင့် လုပ်ကြံနေသည်။ စက်တင်ဘာ ၂၇ ရက် RFA သတင်းတပုဒ်အရ မတရားသဖြင့် သေဒဏ်ချခံခဲ့ရသော အမျိုးသားတစ်ယောက်၏ မိသားစုဝင်များတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေရသည်။ ထိုသူ၏ သမီးငယ်လေးမှာ ဖခင် သေဒဏ်ချမှတ်ခံရ၊ ဖမ်းခံရသည်ကို မသိရသေးပေ။ အဝေးသို့သွားကာ အလုပ်လုပ်နေသည်ဟု လိမ်ညာပြောဆိုထားရသည်။ ထို့ပြင် မတရားဖမ်းဆီးခံထားရသူများ၏ ညှဉ်းပန်းနှိပ်စက်ခံထားရသော ပုံများကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခြင်းများသည် မိသားစုဝင်များကိုပါ စိတ်ပိုင်းဆိုင်ရာအရ များစွာထိခိုက်စေသည်။

စစ်ကောင်စီတပ်များက အကျဉ်းသားနှစ်ဦးကို သေသည်အထိ ညှဉ်းပန်းနှိပ်စက်သည်ကို တွေ့မြင်ခဲ့ကြောင်း အဆင့်မြင့်တပ်မှူးတဦး၏ လက်ထောက်က အေပီသတင်းဌာနသို့ ပြောသည်။ 

အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုးသည်လည်း အောက်တိုဘာလ ၁ ရက်တွင် ဖမ်းဆီးခံရပြီး နောက်ရက်တွင် သေဆုံးသွားကြောင်း ဧရာဝတီသတင်းဌာန၏ အောက်တိုဘာ ၉ ရက်နေ့တွင် ဖော်ပြချက်အရ သိရှိရသည်။

AP သတင်းဌာန၏ သတင်းတစ်ပုဒ်တွင်လည်း အကြမ်းဖက်စစ်သားများသည် အလောင်းများတွင် ဂလူးကို့စ်ပိုက်များ တပ်ထားပြီး အသက်ရှင်နေသေးသကဲ့သို့ လုပ်ကာ စစ်တပ်ဆရာဝန်ကို သေမှုသေခင်း စစ်ဆေးမှုအတု ပြုလုပ်ခိုင်းကြောင်း ၂၀၂၁ အောက်တိုဘာ ၃၀ တွင် ဧရာဝတီသတင်းဌာနပါ သတင်းတွင် ဖော်ပြထား၏။

အပိုဒ်ခွဲ (ဆ) အရ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုခြင်းဆိုသည်မှာ မုဒိမ်းကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ ပြည့်တန်ဆာဖြစ်စေခြင်း၊ ဖိအားပေး ကိုယ်ဝန်ဆောင်စေခြင်း၊ မျိုးမပွားနိုင်အောင် အတင်းအကျပ်လုပ်ခြင်း၊ အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံများ၊ အမျိုးသမီးများအား မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ကာ အတင်းအကျပ် ကိုယ်ဝန်ဆောင်စေခြင်းတို့ကို ရည်ညွှန်းသည်။ 

ထိုအချက်နှင့်ပတ်သက်လျှင်လည်း အကြမ်းဖက်စစ်အုပ်စုသည် မကြာသေးခင်ကပင် ကနီမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ်မှ ၄၅ နှစ်အရွယ် အမျိုးသမီး ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုကို ကျူးလွန်ခဲ့ကြသည်။ 

အဆိုပါမုဒိမ်းကျင့်မှုများကို ဇွန်လမှာ တကြိမ်၊ ဇူလိုင်လမှာ တကြိမ်နှင့် စက်တင်ဘာ ၁၆ နေ့တွင် တကြိမ် ကျူးလွန်ခဲ့ကြသည်ဟု သိရသည်။ စက်တင်ဘာ ၂၆ ရက်နေ့တွင်လည်း မင်းတပ်မြို့၌ အသက် ၁၈ နှစ်အရွယ် မိန်းကလေးကို စစ်​ကောင်စီမှ အလားတူအမှုမျိုး ကျူးလွန်ခဲ့ပေသည်။ 

ပုဒ်မခွဲ (ဇ) နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ကျား/မ စသည့် အစုအဖွဲ့များ၏ အခြေခံအခွင့်အရေးများကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ဖိနှိပ်ခြင်းဆိုသည့် အချက်နှင့် ပတ်သက်လျှင်လည်း အကြမ်းဖက်စစ်အုပ်စုသည် မတရားအာဏာသိမ်းချိန်မှစ၍ လွတ်လပ်စွာ ဆန္ဒထုတ်‌ဖော်ခွင့်၊ လွတ်လပ်စွာ ရေးသားခွင့် စသည့် လူသား၏အခြေခံအခွင့်အရေးများကို အကြမ်းဖက် ဖိနှိပ်ပိတ်ပင်ခဲ့သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာရေး အဆောက်အအုံများပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု၊ ဖျက်ဆီးမီးရှို့မှုများကို ပြုလုပ်ခဲ့သည်။

အပိုဒ်ခွဲ (စျ) အရ လူများကို အတင်းအကျပ် ဖျောက်ဖျက်ခြင်းဆိုသည်မှာ နိုင်ငံတော်၊ သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုခု၏ အာဏာဖြင့်ဖြစ်စေ၊ ထောက်ပံ့မှုဖြင့်ဖြစ်စေ၊ သဘောတူညီမှုဖြင့် ဖြစ်စေ လူများအား ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ၎င်းအပြင် ထိုသို့ ပြုမူချက်များကိုလည်း မသိပါဟု ငြင်းဆန်ခြင်းဖြင့် ဥပဒေအရ တာဝန်ရှိမှုမှ ရှောင်ရှားခြင်းတို့ကို ဆိုလိုသည်။

အရာတော်မြို့ ပိတောက်မြိုင်ရပ်ကွက်၊ စက်တင်ဘာလ ၈ ရက်နေ့က ဧည့်စာရင်းဝင်စစ်ပြီး PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ အပြစ်မဲ့ပြည်သူဖြစ်သော သားအမိနှစ်ယောက်ကို ဖမ်းဆီးခဲ့သည့် ဖြစ်ရပ်၊ စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ ချင်းပြည်နယ် ဟားခါးမြို့၌ ဒေဒသခံလူငယ် ၅၀ ကို CDF ဟု စွပ်စွဲဖမ်းဆီးပြီးနောက် ငွေကျပ် ၇ သိန်းကနေ ကျပ် ၁၂ သိန်းအထိ အသီးသီးတောင်းယူပြီး ပြန်လွှတ်ပေးသည့် ဖြစ်ရပ် စသည်များသည် အကြမ်းဖက်စစ်အုပ်စု၏ ပြစ်မှုများပင် ဖြစ်သည်။ 

ချင်းပြည်နယ် ကိစ္စနှင့်ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စုမှ ဇော်မင်းထွန်းက ထိုကဲ့သို့ ငွေညှစ်ကာ တောင်းယူသည့်ကိစ္စများ မိမိတို့ မလုပ်ကြောင်း၊ လူငယ်များကို ဖမ်းဆီးသည်မှာလည်း မိမိတို့ မလုပ်ကြောင်း၊ လုံခြုံရေးအရ စစ်ဆေးတာမျိုးတော့ ရှိကောင်းရှိနိုင်ကြောင်း ဆိုပြီး ဗြောင်လိမ်ခဲ့သည်။

အပိုဒ် (ည) ခွဲခြားဆက်ဆံမှုကို အခြေခံသည့် ပြစ်မှု

လူမျိုးစုတစုက ၎င်းတို့၏ အုပ်ချုပ်မှုကို ထိန်းသိမ်းတည်တံ့နိုင်စေရန်အလို့ငှာ အခြားသော အုပ်စုများအပေါ် စနစ်တကျ ဖိနှိပ်စိုးမိုးခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံစနစ်ထဲတွင် ထည့်သွင်း၍ အဆိုပါအမှုတို့ကို ကျူးလွန်ခြင်းကို ဆိုလိုသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့မဲဆန္ဒဖြင့် တက်လာသော NLD ပါတီဝင်များ၊ ထောက်ခံသူများအား စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ NLD ရုံးများအား အကြမ်းဖက်ဖောက်ခွဲခြင်းများက အထင်ရှားဆုံး ဖြစ်နေပေသည်။

အပိုဒ်ခွဲ (ဋ) အရ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် နာကျင်ထိခိုက်စေရန်အလို့ငှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော လူမဆန်သည့်လုပ်ရပ်များကို ဆိုလိုသည်။ ဤအချက်သည် အပိုဒ်ခွဲ (စ) နှင့် ခြားနားမှုမရှိ။

မတ်လ ၈ ရက်က စု သက်မွေးသိပ္ပံကျောင်းရဲ့ တာဝန်ခံ ကိုဇော်မြတ်လင်း ရုပ်အလောင်း။ မတ်လ ၂၇ ရက်‌နေ့က ညာဘက်လက် လက်ကောက်ဝတ်အထက်နားမှ ပြတ်ပြီး ညာဘက်မျက်လုံး တဘက်လည်း ကွယ်လုနီးပါးဖြစ်ခဲ့ရတဲ့ အင်ဂျင်နီယာကျောင်းသား မောင်လျှံဖြိုးအောင် စသည့် ဖြစ်ရပ်များသည် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အထင်းသား ဖော်ပြနေသည်။

ဤလို လူမဆန်သည့် လုပ်ရပ်များသည် မိသားစုဝင်များ မဆိုထားနှင့်။ သာမန်ပြည်သူတချို့ပင် မခံစားနိုင်လောက်အောင် ဆိုးရွားခါးသီးလွန်းလှသည်။ ဤကဲ့သို့ နိုင်ငံတကာရာဇဝတ်မှုများကို ချိုး‌ဖောက်ကျူးလွန်သော အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာဥပဒေများအရ အရေးယူဖို့ လိုသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် နုရင်ဘတ်ခုံရုံး၊ တိုကျိုခုံရုံးတို့တွင် စစ်ဆေးအရေးယူခံရသော ဖက်ဆစ် ခေါင်းဆောင်များကဲ့သို့ အရေးယူခံရမည် ဖြစ်သည်။ 

ICC ခေါ် နိုင်ငံတကာရာဇဝတ်တရားရုံးတွင် စစ်ဆေးစီရင်တာမျိုး ပြုလုပ်ရမည် ဖြစ်သည်။ သို့သော် ဒီအတိုင်း စီရင်၍တော့ မရ။ ယင်း ရောမသဘောတူစာချုပ်အား မြန်မာနိုင်ငံမှ လက်မှတ်ထိုးထားဖို့ လိုသည်။ သို့မှသာ ဖမ်းဆီးစစ်ဆေးကာ အပြစ်‌ပေး အရေးယူနိုင်မည် ဖြစ်သည်။

အဘယ်ကြောင့်ဟူမူ ရောမသဘောတူစာချုပ် အပိုဒ် (၁၁) အပိုဒ်ခွဲ (၂) အရ အမျိုးသားနိုင်ငံတစ်ခုက ဤစာချုပ်၏ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်တင်သွင်းမှု ပြီးမြောက်သည့်အခါမှ ICC ၏ စီရင်ပိုင်ခွင့် စတင်အကျိုးသက်ရောက်သည်ဟု ဖော်ပြထားသည့်အတွက်ကြောင့် ဖြစ်သည်။ 

သို့မဟုတ်ပါက ယင်းအမျိုးသားနိုင်ငံက အပိုဒ် (၁၂) စာပိုဒ် (၃) အရ ကြေညာချက် ပြုလုပ်သည့်အခါမှသာ စီရင်ပိုင်ခွင့် ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ရောမသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေ။ NUG သည် စက်တင်ဘာလက အပိုဒ် (၁၂) စာပိုဒ် (၃) အရ ကြေညာချက်ပြုလုပ်ထားသော်လည်း ICC ဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။ 

NUG ကို နိုင်ငံတကာမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ လိုအပ်သည်။ သို့မှသာ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာခုံရုံးတွင် စစ်ဆေးစီရင်နိုင်မည် ဖြစ်သည်။

ဘာလုပ်မည်နည်း။

သို့ဆိုလျှင် ထိုကဲ့သို့ ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေများကို ထင်ရာစိုင်း ချိုးဖောက်နေသည့် စစ်တပ်ကို မည်သို့ အပြစ်ပေးကြမည်နည်း။ နိုင်ငံတကာရာဇဝတ်တရားရုံးကလည်း အရေးယူစီရင်ဖို့ဆိုတာ အထက်ဖော်ပြပါအချက်များကြောင့် လတ်တလောတွင် မဖြစ်နိုင်။ 

ပြည်တွင်းတွင် အရေးယူဖို့ ဆိုသည်မှာလည်း ပြည်တွင်းတရားစီရင်ရေးသည် စစ်အုပ်စု၏ တရားစီရင်ရေးသာ ဖြစ်နေသည်။ ထို့အတွက်ကြောင့် လတ်တလောတွင် နည်းလမ်းတစ်ခုသာ ရှိသည်။

ဤသည်မှာ ထိုရာဇဝတ်စစ်‌ကောင်များအား ပြည်သူများကိုယ်တိုင် စစ်ဆေးစီရင်သော ပြည်သူ့တရားစီရင်မှုသာ ဖြစ်ပေတော့သည်။

သပြေညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024