
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်မှာ နေထိုင်တဲ့ ကျောင်းဆရာတစ်ဦးကို နိုဝင်ဘာ ၂ ရက် ည ၁၁ နာရီလောက် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့ခံတစ်ဦးက “ဆရာက CDM လုပ်ပြီး သပိတ်ကာလမှာတော့ ပါဝင်လှုပ်ရှားခဲ့ဖူးပါတယ်။ သပိတ်ကာလ အလွန်မှာတော့ အိမ်မှာပဲ မိသားစုနဲ့ အေးအေးဆေးဆေး နေထိုင်နေသူ ဖြစ်ပါတယ်။ ဘဝတူ CDM ဆရာ၊ ဆရာမတွေရဲ့ ဘဝရပ်တည်ရေး အဆင်ပြေစေဖို့ CDM တွေရဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးခဲ့ဖူးတာတော့ ရှိတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူမှာ ဦးကျော်ဆန်းအောင်ဟာ မတ္တရာမြို့က ဖြစ်ပြီး ချောင်းတော်ဝ(အ.လ.က) မှာ မူလတန်းပြ တာဝန်ထမ်းဆောင်ရင်း CDM ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မတ္တရာမြို့နယ်အတွင်းမှာ အောက်တိုဘာ ၉ ရက်နေ့ကလည်း ကျူရှင်ဆရာ ဦးသိန်းဇော်ကို စစ်ကောင်စီက မတရားဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် CDM ပညာရေးဝန်ထမ်းတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။