မြင်းမူ၊ မုံရွာမြို့တို့တွင် ပစ်ခတ်ခံရမှုကြောင့် ရဲ ၂ ဦးနှင့် သတင်းပေး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီလက်အောက်ခံ ရဲအစောင့်တွေရှိတဲ့ဂိတ်ကို အောက်တို ၂ ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်ပေါင်းစုတွေက လက်နှက်ကြီးနဲ့ပစ်ခတ်တာကြောင့် ရဲ ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတပ်ပေါင်းစုတွေဆီက သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်မှုကို People's Defence Force Myinmu(MMUPDF) မှ ဦးဆောင်ပြီး မဟာမိတ်ညီနောင်များဖြစ်ကြတဲ့ Black Eagle Defence Force(MMU)၊ မြင်းမူလျပ်စီး ပြောက်ကျားတပ်ဖွဲ့၊ Falcon Force၊ Myin Mu Defence Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

MMU-PDF အဖွဲ့ တာဝန်ခံက “အဖွဲ့ ၅ ဖွဲ့ပေါင်းပြီး ကင်းစောင့်နေသော ရခတွေကို တန်ဆောင်တိုင်အကြို လက်ဆောင် လက်နက်ကြီးနဲ့ ကျွေးလိုက်တာ၊ ၂ ကောင်ကျပြီး ၃ ကောင်က ဒဏ်ရာပြင်အထန်တယ်လို့ သိထားတယ်။ တပ်ပေါင်းစုရဲဘော်တွေဘက်ကတော့ ထိခိုက်အကျအရှုံးမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြတယ်” လို့ အတည်ပြုပြောပါတယ်။

ရဲဂိတ် တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မြင်းမူမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ဖြူပင်သစ်ဆိမ့်ကျေးရွာမှာလည်း နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်းက  စစ်ကောင်စီ သတင်းပေးဆိုသူ  အမျိုးသားတစ်ဦး   သေနတ်ပစ်ခတ်ခံခဲ့ရပါတယ်။

သတင်းပေးဆိုသူ ဦးမြင့်ချွန်ဟာ  မုံရွာ-အမြင့်ကားလမ်းပေါ်မှာ နေ့လယ် ၂ နာရီလောက် အမည်မသိအဖွဲ့ရဲ့ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။             

“ဦးမြင့်ချွန်က စစ်ကောင်စီကို သတင်းပေးနေတာ။ သူ့လုပ်ငန်းက အတိုးလည်းပေးတယ်။ ရွာထဲက ကလေးတွေ သူ့ကြောင့်ပြေးရတာတွေရှိတယ်။ မုံရွာ-အမြင့်ကားလမ်းပေါ်မှာ ပစ်ခံရတာ၊ ဘယ်သူပစ်သွားလဲတော့မသိဘူး။ နှစ်ချက်ပစ်သွားတာ။”

ဦးမြင့်ချွန်ကို South Monywa PDF နဲ့ Monywa Heros Group တို့ ပူးပေါင်းပြီး   နိုဝင်ဘာ သေနတ်နဲ့ နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားအပြီး နေ့လယ်ပိုင်းလောက် မုံရွာ-အမြင့် ကားလမ်းဘေးရှိ ချောင်းဆုံရွာမှာ စစ်ကောင်စီတပ်ဖွဲ့က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမှုတွေပြုလုပ်ပြီး ရွာအချို့ကို  ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up