Home
မြန်မာသတင်း
သန်းခေါင်စာရင်းတွင် ကူကီးအမည်ဖြင့် ကောက်ခံရန် ကူကီးအဖွဲ့တောင်းဆို
DVB
·
January 6, 2014
၂၀၁၄ ခုနှစ် မတ်လ သန်းခေါင်စာရင်းကောက်ခံရင် ကူကီးတိုင်းရင်းသားတွေကို ကူကီးဆိုတဲ့ နာမည်နဲ့ ကောက်ခံသွားဖို့ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးက တောင်းဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၂၉၊ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် လုံကျော်ကျေးရွာမှာ ကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်တဲ့ ကူကီးအမျိုးသား ညီလာခံကနေ သန်းခေါင်စာရင်းကောက်ခံရင် ကူကီးတိုင်းရင်းသားတွေကို ကူကီးဆိုတဲ့ နာမည်နဲ့ ကောက်ခံသွားဖို့ သဘောတူညီခဲ့ကြတာပါ။ cardခေါင်ဆိုင်၊ ဂွေးသဲ၊ ဂန်တဲ၊ ထာဒို စတဲ့ ကူကီးတိုင်းရင်းသား မျိုးနွယ်စုတွေနဲ့အတူ အစိုးရသတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ကူကီးလူမျိုးတွေ ပါကြောင်း ဇန်န၀ါရီ ၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ကူကီး အမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်ငိုင်ငိုင်းက ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ဒေါ်ငိုင်ငိုင်းက “ကျမတို့ရဲ့ လူမျိုးအမည်မှန်ဖြစ်တဲ့ ကူကီးကိုသာ သုံးစွဲပြီး ကောက်ခံသွားဖို့အတွက် ကျမတို့ ပြုလုပ်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ကျမတို့ ကူးကီးလူမျိုးတွေရဲ့ အမည်မှန်မပါဘဲနဲ့ မျိုးနွယ်စုတွေဖြစ်တဲ့ ခေါင်ဆိုင်၊ ဂွေးသဲ၊ ဂန်တဲ၊ ထာဒို ဆိုတဲ့ နာမည်တွေနဲ့ ကျမတို့က ယဉ်ကျေးမှုအတူတူဖြစ်တယ်။ ရိုးရာဓလေ့ထုံးစံလည်း အတူတူဖြစ်တယ်၊ ဘာသာစကားလည်း အတူတူဖြစ်တယ်၊ မျိုးနွယ်စုတွေရဲ့ နာမည်အစား ကျမတို့ရဲ့ လူမျိုးအမည်မှန်ဖြစ်တဲ့ ကူကီးဆိုတဲ့ နာမည်နဲ့ပဲ ကောက်ခံသွားဖို့အတွက် အခုလို သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်တာဖြစ်တယ်။” ကူကီးလူမျိုးတွေဟာ လူဦးရေအားဖြင့် ၂ သိန်းနီးပါးရှိပြီး လေရှီး၊ ခန္တီး၊ ဟုမ္မလင်း၊ တမူး၊ မြို့သစ်၊ ကလေး စတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ အများစုနေထိုင်ကြသလို ချင်းပြည်နယ် တွမ်းဇံမြို့နယ်မှာ အနည်းစု နေထိုင်ကြတယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ဝေးလံခေါင်သီတဲ့ နေရာဒေသတွေ သန်းခေါင်စာရင်း ကောက်ယူရာမှာ သတ်မှတ်ရက်ထက် ၅ ရက်တိုးမြှင့်မယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်းကောက်ယူမှုကို မတ် ၃၀ ရက်ကစပြီး ဧပြီ ၁၄ ရက်အထိ ကောက်ယူမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024