နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ အမှုသုံးခုစလုံးကို နေပြည်တော်မှာ နိုဝင်ဘာ ၁ ရက်က ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သဘာဝဘေးဆိုင်ရာ ဥပဒေပုဒ်မအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေခံချက်ပြင်ဆင်ပြီး တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ ရုံးချိန်းမတိုင်ခင်မှာ ရှေ့နေအဖွဲ့နဲ့ဆွေးနွေးတိုင်ပင်ပြီး သက်သေခံချက်ကို ပြင်ဆင်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မနှစ်ခုအတွက် ပြန်ခေါ်သက်သေ ဗိုလ်မှူးတစ်ယောက်၊ ဗိုလ်ကြီးနှစ်ယောက်၊ တပ်ကြပ်ကြီးတစ်ယောက်၊ ရဲမှူးတစ်ယောက်တို့ကို တရားရုံးမှာ အပြန်အလှန်စစ်မေးတာတွေဆောင်ရွက်ခဲ့ပါတယ်။
ပြန်ခေါ်သက်သေ ၅ ယောက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်နေအိမ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့မနက်က စတင်ထိန်းသိမ်းရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။
ဒီအမှုသုံးမှုအတွက် နိုဝင်ဘာ ၈ ရက်နေ့မှာရုံး ချိန်းပြန်ခေါ်ထားပြီး ဆက်လက်စစ်ဆေးသွားဖို့ ရှိနေပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားတဲ့ အမှု စုစုပေါင်း ၁၁ မှုအထိရှိနေတာကြောင့် ရုံးချိန်းတွေကို နှစ်ပတ်တစ်ခါခေါ်ပေးဖို့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေတွေက တရားရုံးကို တင်ပြခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။