Home
ဆောင်းပါး
အာဏာရှင်ကို အဆုံးထိတိုက်မယ့် တော်လှန်ရေးလက်တွဲဖော်များ
DVB
·
October 31, 2021

ချစ်သူသက်တမ်းသုံးနှစ်ပြည့်မှာ အမှတ်တရအချိန်လေးဖြစ်အောင် စခန်းက ရဲဘော်လေးတွေနဲ့အတူ မီးပုံပွဲလေး ပြုလုပ်ဖို့ ပြင်ဆင်နေစဉ်မှာပဲ သေနတ်ထိမှန်ဒဏ်ရာရလာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်မိန်းကလေးတစ်ဦးရောက်လာတဲ့အခါ မရိုရိုတို့ စုံတွဲ ကြည်နှုးမှုတွေကို မေ့ထားပြီး လူနာကိုကုသပေးဖို့ ပြင်ဆင်ရတယ်။

ညမှောင်ရိပ်သန်းတဲ့အချိန်မှာ မီးမရှိ ကုသဖို့နေရာကောင်းကောင်းတောင်မရှိပေမယ့် ရှိတဲ့ ဆေးဝါးပစ္စည်းတွေနဲ့ မရိုရိုတို့ စုံတွဲက ဒဏ်ရာကို ကုသဖို့လုပ်နေစဉ်မှာ စခန်းကရဲဘော်လေးတွေက အလင်းရောင်ရစေဖို့ ဖုန်းမီးလေးတွေ ကိုယ်စီထွန်းပြီး သေနတ်ထိမှန်တဲ့ ဒဏ်ရာကို ချုပ်ပေးတာ၊ ဆေးထည့်တာတွေ လုပ်ပေးတာ ည၁၁နာရီအထိ။

” သူက မတော်တဆ ပေါင်နေရာကနေ တင်ပါးအထိကို သေနတ်မှန်လာတာပေါ့။ ဒဏ်ရာက ကျည်ဝင်တဲ့အပေါက်က သေးတယ်၊ အတွင်းကို ငါးချက်တစ်ထပ် ချုပ်တယ်၊ အပြင်ကို ငါးချပ်တစ်ထပ် ချုပ်တယ်။ အခုတော့အနာတော်တော် သက်သာနေပါပြီ၊ သူလည်း ကံကောင်းတယ်ပြောရမယ်” လို့ မရိုရိုကပြောပါတယ်။

နဂိုရည်မှန်းထားတဲ့ ချစ်သူသက်တမ်း သုံးနှစ်ပြည့်တဲ့နေ့မှာ မိဘဆွေမျိုးတွေ သူငယ်ချင်းမိတ်ဆွေ စုံစုံလင်လင်နဲ့ ပျော်ရွှင် လှပတဲ့ လက်ထပ်ပွဲလေးပြုလုပ်ဖို့ ရည်မှန်းထားပေမယ့် အမှတ်တရနေ့မှာ လက်ထပ်မင်္ဂလာပွဲအစား လက်နက်ကြီး လက်နက်ငယ်တွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ပြုစုကုသပေးရင်းဖြတ်သန်းခဲ့ရပါတယ်။

သူနာပြုဝန်ထမ်းတွေဖြစ်တဲ့ မရိုရိုတို့ချစ်သူနှစ်ဦးက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာလည်း အတူ ပါဝင်ခဲ့သလို တောထဲထိ လက်တွဲပြီး အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေးစုံတွဲတွေထဲက တစ်တွဲဖြစ်ပါတယ်။

” Pre-Wedding လှလှလေးရိုက်ကြမယ်၊ ဘယ်လိုလေးဝတ်ကြမယ်ဆိုတာကအစ ကြိုပြီးစိတ်ကူးယဉ်ခဲ့ကြတဲ့ အနာဂတ် အိမ်မက်တွေဟာ တစ်ခုမှဖြစ်မလာသေးပေမယ့် ပိုကောင်းတဲ့အနာဂတ်အတွက် ဒီနေရာကိုရောက်ပြီး အတူတိုက်ပွဲဝင် နေတာ ငါးလနီးပါးရှိသွားပြီ “လို့ မရိုရိုက ပြောတယ်။

အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆေးပညာလောက က ဆရာဝန်တွေ သူနာပြုတွေစတဲ့ ဆေး လောကပညာရှင်တွေ CDM လုပ်ပြီး ဆန့်ကျင်ခဲ့ရာမှာ မရိုရိုတို့စုံတွဲကလည်း ပါဝင်ခဲ့တယ်။ ဆေးရုံအသီးသီးကနေ CDM လုပ်ပြီး ကိုယ့်မြို့နယ်က ဆန္ဒပြပွဲတွေမှာ အတူတကွနေ့စဉ် ပါဝင်လှုပ်ရှားသလို ညဘက်မှာလည်း သူတို့မြို့နယ်လေးက သာသနာပြုဆေးခန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် အတူတကွ လုပ်ဆောင်ခဲ့ကြတယ်။

မရိုရိုတို့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာ နေ့စဉ်ပူးပေါင်းပါဝင်သလို တဖက်ကလည်း ဝါသနာပါတဲ့ သူနာပြုအလုပ်ကို ပရဟတိလုပ်ဆောင်နေရင်း နေထိုင်ရာမြို့နယ်မှာ တိုက်ပွဲတွေစဖြစ်တော့ လွတ်မြောက်နယ်မြေကိုသွား ရောက်ပြီး စစ်ဘေးရှောင်တွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တတ်စွမ်းတဲ့ဆေးပညာနဲ့ အာဏာရှင်ကိုပါဝင် တော် လှန်ခဲ့တယ်။

” ညီမတို့ကသူနာပြုဆိုတော့လူနာကြည့်ဖို့၊ ကိုယ်တတ်နိုင်တာကိုယ်လုပ်ပေးမယ် ဆရာဝန်လောက်မလုပ်တတ်ပေမယ့် လည်းပေါ့နော်၊ တတ်နိုင်တဲ့ အပိုင်းကနေလုပ်မယ်။ ဒီဘက်မှာက ဆရာဝန်မရှိ ဆရာမ မရှိဆိုတော့လေ” လို့မရိုရို ကပြောပါတယ်။

မရိုရိုတို့ နှစ်ယောက်လုံးက တောတွင်းမှာနေထိုင်ရင်း စစ်ဘေးရှောင်တွေကို ဆေးကုသပေးတာ၊ ထိခိုက်ဒဏ်ရာရလာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြုစုကုသပေးတာ၊ တော်လှန်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေရှာဖွေတာတွေကို လုပ်ဆောင် ပေးပါတယ်။

တောတွင်းရောက်ကတည်းက တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ ဒဏ်ရာအနာတရ ရလာတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ၊ကိုဗစ်လူနာတွေ ၊ဖျားနာလူနာတွေကို ဆရာဝန်အကြံပြုချက်တွေနဲ့ လိုအပ်သလို ကုသပေးတာ၊ ဆေးခန်းကို မလာနိုင်တဲ့သူတွေကိုလည်း သွားရောက်ကုသပေးရတာ လစဉ်လူဦးရေ ရာဂဏန်းခန့်ရှိနေပြီး ဆေးဖိုးစရိတ်တင် တစ်လကို သိန်းသုံးဆယ်နဲ့ ခြောက်ဆယ်ကြား အလှုရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ကုန်ကျနေရတယ်လို့ မရိုရိုကပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါ၊ ရာသီတုပ်ကွေးရောဂါတွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မိသားစုဝင်တွေ စစ်ဘေးရှောင်တွေမှာ ကူးစက်ခံရတော့ ဆေးဝါးအစုံအလင် ရှာဖွေပြီး ကုသပေးတာ အောက်ဆီဂျင်လိုတဲ့လူနာတွေကိုလည်း အောက်ဆီဂျင် ရအောင်ရှာဖွေတာတွေကို ပြုလုပ်ပေးရတယ်လို့ဆိုတယ်။

” ညီမတို့က တပ်ရင်းတစ်ခုထဲ စစ်ရှောင်တစ်ခုထဲကိုမဟုတ်ဘူး။ ညီမတို့နေရာကဗဟိုလိုဖြစ်ပြီး ဘေးပတ်ပတ်လည်က စစ်ရှောင်ရွာတွေ၊ စစ်ရှောင်နေရာတွေရှိမယ်။ ရွာနီးဝန်ကျင်တွေကဒီမှာ ဆရာနဲ့ ဆရာမရှိတယ်ဆိုတော့ဒီကိုလာကြတယ်။ ရဲဘော်တွေကလည်းလာတယ် မလာနိုင်တဲ့ရဲဘော်တွေစစ်ဘေးရှောင်တွေကို သွားကြည့်ပေးတယ်”လို့ မရိုရိုကပြောပါ တယ်။

အခြားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ တောထဲရောက်တဲ့အခါ အနေအထိုင်အစားအသောက် ခက်ခဲဆင်းရဲ၊ခြင်၊ယင် အကောင်ပေါင်းစုံကိုက်ပြီး မီးမရှိ၊ အင်တာနက်မရတဲ့နေရာဆိုတော့ အစပိုင်းမှာ ခက်ခဲတာတွေရှိပေမယ့် နှစ်ဦးသားအတူ ကြိုးစားနေထိုင်ဖြတ်သန်းတယ်လို့ ဆိုပါတယ်။

“သူကတော့ အားငယ်စိတ်ညစ်ချိန်ရှိပေမယ့် မပြဘူးပေါ့၊ ညီမကကျတော့စိတ်ညစ်ရင် ခေါင်းရှုပ်ရင် ငိုမိတဲ့အပိုင်းရှိတယ်။ အဲလိုချိန်ဆို သူကပဲအားပေးတာပေါ့၊သူ့ကြောင့်သာမဟုတ်ရင် ဒီလိုဆက်လုပ်နိုင်မှာမဟုတ်ဘူး။” လို့ မရိုရိုကပြောပါတယ်။

တောထဲ ရောက်တဲ့ငါးလတာအတွင်းမှာ အခက်အခဲတွေကျော်ဖြတ်ပြီး တိုက်ပွဲဝင်နိုင်တာက လက်တွဲဖော်ကြောင့်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ပြုစုကုသရာမှာလည်း လိုအပ်တာတွေကို ချစ်သူကပဲ သင်ပြပေးလမ်းညွှန်ပေးတယ်လို့ ဆက် ပြောပါတယ်။

” ဂန်းရှော့ထိခိုက်ဒဏ်ရာတွေလာတဲ့အခါ ကိုယ်မသိလို့ရှိရင် သူကသင်ပြပေးတယ်။ အတူတူလုပ်ကြတယ်။ သူရှိလို့ကို အားသာချက်အများကြီးရှိတယ်။”လို့ မရိုရိုကပြောပါတယ်။

မရိုရိုတို့တတွေ တောထဲရောက်ခါစက တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေချိန်ပါ၊ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ် တာ လေကြောင်းကနေထိုးစစ်ဆင်တာတွေကို မျက်မြင်တွေ့ရှိခဲ့ရတော့ အဲ့ဒီအချိန်တွေက ထိတ်လန့်စရာ နေ့စွဲတွေလို့ ဆို ပါတယ်။

” ကိုယ်မျက်စိရှေ့မှာတင် ဟယ်လီကော်ပတာတွေက အပေါ်ကနေပစ်ချတာ။ ညီမတို့က ဒီဘက်ဆေးခန်းရှေ့ကနေ ရင်တမ မနဲ့ လှမ်းကြည့်နေရတာ အဲ့ဒီအချိန်မှာ အပေါ်ကနေပစ်ချလိုက်တာ အ့ို…သွေးပျက်မတက်ပါပဲ၊ တစ်နေကုန်တိုက်ပွဲတွေဖြစ် တော့ ညဘက်ကိုတစ်ညလုံးမအိပ်ရဲဘူး၊ တစ်ညလုံးငိုနေတာ။သူကတော့ဘေးကနေအားပေးတယ်”လို့မရိုရိုက ဆိုပါတယ်။

စစ်ပွဲပစ်ခတ်မှုတွေမကြုံဖူးတဲ့ သူတို့မှာ ထိတ်လန့်ကြောက်ရွံ့စိတ်ကို ဖျောက်ဖျက်ပြီး မျက်စိရှေ့မှာ ဖြစ်နေတဲ့တိုက်ပွဲတွေ ကြား အသင့်အနေအထားနဲ့ လက်နက်ကြီးထိလို့ ဒဏ်ရာရလာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ကြည့်ရှု ကုသပေးရ၊ ဒဏ်ရာတွေ ချုပ်ပေးရနဲ့လို့ ဆက်ပြောပါတယ်။

မရိုရိုတို့ နှစ်ဦးသားတူညီတဲ့ရည်မှန်းချက်ကတော့ အာဏာရှင်စနစ်ကိုဖြုတ်ချပြီး ဒီမိုကရေစီရရှိဖို့ပါ။ အာဏာရှင်ပြုတ်ကျဖို့ တော်လှန်ရေး အောင်မြင်တဲ့အထိ ကိုယ်တတ်စွမ်းတဲ့နေရာကနေ ပါဝင်မယ်လို့ ဆိုပါတယ်။

” မြေပြင်မှာ ရှေ့ထွက်နေမှမဟုတ်ဘူး။ အနောက်ကနေလည်း လိုအပ်တာတွေကို ထောက်ပံ့ပေးလို့ရတယ်။ မဆိုင်သလို မသိသလိုနဲ့ တော်လှန်ရေးကို မေ့နေတာမျိုးမဖြစ်စေချင်ဘူး” လို့ မရိုရိုကပြောပါတယ်။

ခက်ခဲပင်ပန်းတဲ့တောတွင်းမှာ နေထိုင်ပြီး ကြိုးစားဖြတ်သန်းနေတာက တစ်ဦးထဲဆို ခက်ခဲပေမယ့် လက်တွဲဖော်ကြောင့် ကျော်ဖြတ်နိုင်တယ်လို့ဆိုသူက မသဒ္ဒါတို့ချစ်သူနှစ်ဦးပါ။

မသဒ္ဒါတို့စုံတွဲက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပရဟိတလုပ်ရင်းတွေ့ခဲ့ကြပြီး ဆန္ဒပြလှုပ်ရှားမှုတွေ ပရဟိတ လုပ်ငန်းတွေမှာ အတူတကွပါဝင်ခဲ့ရင်း ဇူလိုင်လမှာ ချစ်သူဖြစ်ခဲ့ကြတယ်။

ဆန္ဒပြပွဲတွေ လျော့နည်းလာပေမယ့် လည်း ရန်ကုန်က ပျောက်ကြားသပိတ်တွေမှာ အတူတကွပါဝင်ခဲ့သလို၊ ကိုဗစ်ကာလ မှာလည်း အောက်ဆီဂျင်ရရှိရေးကူညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ စစ်ကောင်စီက ပျောက်ကြားသပိတ်ပြုလုပ်သူတွေကို အကြမ်းဖက်ဖမ်းဆီးတာတွေကြောင့် မြို့ပြကိုစွန့်ခွာပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကမှ စစ်သင်တန်းတက်ရောက်ဖို့ လွတ် မြောက်နယ်မြေကို ရောက်ရှိလာခဲ့တာပါ။

တော်လှန်ရေးအတွက် မြို့ပြကိုစွန့်ခွာပြီး တောထဲမှာနေထိုင်ရတာ အခက်အခဲကများစွာနဲ့။ မသဒ္ဒါတို့ခိုလှုံတဲ့နေရာက အစားအသောက် ရှားပါးတာကကအစ ရေမရှိ အိမ်သာမရှိနဲ့ပါ။ ဒီလိုအခြေအနေမှာ နေသားကျအောင် နှစ်ဦးသား စိတ် အားတင်းပြီး ကျော်ဖြတ်ရတယ်လို့ဆိုပါတယ်။

”နှစ်ယောက်တွဲလုပ်ရတော့ အားလည်းရှိတယ် ပျော်လည်းပျော်တယ်။ လူတစ်ယောက်က စိတ်ညစ်တဲ့ချိန်ရှိတဲ့အခါကျတော့ ဘေးနားမှာရှိတဲ့အခါစိတ်ခွန်အားရစေတယ်။ တစ်ယောက်တည်းထက်စာရင်ဘေးနားမှာ အဖော်အနေနဲ့ရှိတော့ ရှေ့ ဆက်ဖို့လည်း အားရစေတယ်။”လို့ မသဒ္ဒါကပြောတယ်။

မသဒ္ဒါတို့စုံတွဲက အခြားသော တော်လှန်ရေးရည်မှန်းချက်တူသူတွေနဲ့ တောတွင်းမှာနေထိုင်ရင်း တော်လှန်ရေးအတွက် လိုအပ်တာတွေကို ရန်ပုံငွေရှာဖွေပေးတာ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် အဖြစ်လေ့ကျင့်တိုက်ခိုက်တာတွေ လုပ်ဆောင်လျက် ရှိပါတယ်။

” တော်လှန်ရေးရည်မှန်းချက်က အစကတည်းက ဒီမိုကရေစီလိုချင်လို့တိုက်တာဆိုတော့ ဒါမရမချင်း တိုက်နေဦးမှာပဲ။ အခက်ခဲကတော့ ရှိမှာပဲ ဒါပေမယ့် အကောင်းဆုံးကိုရင်ဆိုင်မယ်” မသဒ္ဒါကဆိုတယ်။

တော်လှန်ရေးပြီးတဲ့အခါ မြို့ပြက ပုံမှန်စုံတွဲတွေလိုပဲ ဖြတ်သန်းချင်ပေမယ့် ဒီအချိန်မှာတော့ တော်လှန်ရေးကိုပဲ ဦးစားပေး သွားမယ်လို့ မသဒ္ဒါကဆိုတယ်။

” တော်လှန်ရေးပြီးတဲ့နောက်က ပုံမှန် မြို့ပြကစုံတွဲတွေလိုပဲနေချင်တာပေါ့ ။ ဒါပေမယ့် တော်လှန်ရေးက ဘယ်တော့ပြီးမလဲ မသိတော့ အဲ့ချိန်ထိလည်း အသက်ရှင်ပါ့မလားပေါ့။ ဒါကတော့နောက်ပိုင်းမှ စဉ်းစားရမဲ့အရာဖြစ်ပါတယ်။”လို့ မသဒ္ဒါက ပြောပါတယ်။

စစ်အာဏာရှင်ကိုတော်လှန်နေကြသူတွေထဲ ချစ်သူစုံတွဲတွေ၊ အိမ်ထောင်သည်တွေလည်း အများအပြားပါ။ အနေအစား ဆင်းဆင်းရဲရဲနဲ့ လူငယ်သဘာ၀ အပျော်အပါးတွေကို စွန့်လွတ်ပြီး အာဏာရှင်ကို ရရာနည်းလမ်းနဲ့ တွန်းလှန်နေတဲ့သူတွေ၊ ချစ်သူစုံတွဲတွေကိုလည်း စိတ်အားမလျှော့ဘဲ အတူကြိုးစားတွန်းလှန်ဖို့ အားပေးချင်တယ်လို့ ယင်းတို့ကဆိုပါတယ်။

”အာဏာရှင်ကို တော်လှန်နေတဲ့ အခြားစုံတွဲတွေကိုလည်း တွေ့တယ်။ သူတို့လည်း ညီမတို့လိုပဲ ခက်ခဲမယ်ဆိုတာသိတယ်။ အားတင်းထားပါလို့ အကုန်လုံး အတူကြိုးစားပြီးတော့ တိုက်ပွဲကိုပြီးအောင်တိုက်ကြမယ်” လို့ မသဒ္ဒါကပြောပါတယ်။

ယူနီဖောင်းအပြည့်အစုံနဲ့ တော်လှန်ရေးလူငယ်စုံတွဲတွေရဲ့ ကြည်နူးစရာ ဓာတ်ပုံဗီဒီယိုတွေ၊ တောတွင်း လက်ထပ်ပွဲ ဆင်နွှဲ တဲ့ စုံတွဲတွေရဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်တက်လာတဲ့အခါတိုင်း အားပေးချစ်ခင်တာ၊ ချီးကျူးဂုဏ်ပြုတာတွေရှိသလို တစ်ဖက်မှာလည်း ဝေဖန်ရှုတ်ချမှုတွေ ရှိခဲ့ပါတယ်။

အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေးလူငယ်စုံတွဲတွေအပေါ် ဝေဖန်ပြောဆိုမှုတချို့ရှိပေမယ့် တော်လှန်ရေး အောင်မြင်ဖို့ကိုသာ ရှေးရှုတဲ့အတွက် ဝေဖန်ပြစ်တင်တာတွေကို လျစ်လျူရှုထားတယ်လို့ အာဏာရှင်ကို တော်လှန်နေ တဲ့ စုံတွဲတွေက ပြောပါတယ်။

လွတ်မြောက်နယ်မြေတွေမှာ တော်လှန်ရေးအတွက် စစ်သင်တန်းတွေ တက်ရောက်နေပေမယ့်လည်း ဆိုင်ရာ အဖွဲ့အစည်းတွေမှာ စည်းကမ်းတွေချမှတ်ထားပြီး အမျိုးသား၊ အမျိုးသမီး နေရာတွေ ခွဲခြားထားတာ၊ လေ့ကျင့်ချိန်အတွင်းလည်း လိုက်နာရမယ့် စည်းကမ်းတွေ ချမှတ်ထားတာတွေလည်းရှိတယ်လို့ မသဒ္ဒါက ဆိုတယ်။

”အဲ့လိုပြောတဲ့ဟာတွေကို ဂရုမပြုမိဘူး။ ကောင်းကောင်းဆိုးဆိုး ကိုယ်ယုံကြည်ရာကို ဆက်လျှောက်ရမှာပဲ။ ပြောချင်သလို ပြောကြပါစေ၊ ဂရုစိုက်ဖို့အချိန်မပေးနိုင်ဘူး”လို့ မသဒ္ဒါက ပြောပါတယ်။

အာဏာရှင်ကို နည်းမျိုးစုံနဲ့ တော်လှန်နေတဲ့လူငယ်တွေ၊ စုံတွဲတွေ တော်လှန်ရေးကာလမှာ တွေ့ဆုံချစ်ကြိုက်တာ လက် ထပ်တာက အင်္ဂလိပ်ကိုတော်လှန်တဲ့အချိန်ကရော ၈၈အရေးတော်ပုံကာလတုန်းမှာရောရှိခဲ့ပြီး တော်လှန်ရေးကာလမှာ ထင်ရှားတဲ့စုံတွဲတွေရော မထင်မရှားစုံတွဲတွေရောရှိခဲ့တဲ့အတွက် ဒါကဝေဖန်ပြောဆိုစရာဖြစ်တဲ့ကိစ္စမဟုတ်ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသူဟောင်းတစ်ဦးကပြောပါတယ်။

”ကိုယ်နဲ့စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့လူနဲ့ လက်ထပ်ရင်တောင် ရန်တွေဖြစ်ရင်ဖြစ်ဦးမယ်ပေါ့။ ကိုယ်နဲ့စိတ်သဘောထားတိုက်ဆိုင်တဲ့လူနဲ့ လက်ထပ်တာဖြစ်တော့ ဒါကဘာပဲပြောပြော စိတ်ချမ်းသာစရာကောင်းတဲ့ကိစ္စမျိုးလို့ပဲ ယူဆတယ်” လို့ ယင်းကဆိုတယ်။

တော်လှန်ရေးလုပ်ဆောင်နေတဲ့ လူငယ်စုံတွဲတွေကလည်း အရွယ်ရောက်ပြီးသား လူငယ်တွေဖြစ်တဲ့အတွက် တွေ့ဆုံမယ်၊ ချစ်ကြိုက်မယ်၊ လက်ထပ်မယ်ဆိုတာက သမားရိုးကျကိစ္စဖြစ်ပြီး အဓိကအနေနဲ့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု ရှိပြီး စာနာထောက်ထားနိုင်မယ်ဆိုရင် ဘယ်အခြေအနေမဆို ပြသနာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

”အားလုံးကိုလည်း ဆုတောင်းပေးပါတယ်။ ဘာပဲပြောပြော စိတ်တူသဘောတူ ခံယူချက်ချင်းတူတဲ့လူတွေ ရေရှည်မှာ ပေါင်းသင်းနိုင်ပါစေလို့ဆုတောင်းပေးတယ်” လို့ ယင်းက ဆက်ပြောပါတယ်။

ချစ်သူနဲ့ရွှေလက်တွဲပြီး အာဏာရှင်ကို နေရာပေါင်းစုံကနေ နည်းလမ်းမျိုးစုံနဲ့ အတူတကွတော်လှန်ကြတဲ့ ချစ်သူစုံတွဲတွေက အများအပြားပါ။ အာဏာရှင်ကို တော်လှန်ရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ချစ်သူနဲ့ရှင်ကွဲ၊ သေကွဲ ကွဲခဲ့ရတဲ့ စုံတွဲလေးတွေလည်း ရှိခဲ့ပါတယ်။

ဒီလိုအဖြစ်အပျက်တွေကို ကြားသိရတိုင်း ပိုပြီးစိတ်မကောင်းဖြစ်မိကာ ကျဆုံးသွားတဲ့သူတွေအတွက်လည်း ပိုပြီး ကြိုးစား တိုက်ပွဲဝင်ရမှာဖြစ်သလို အာဏာရှင်ကိုမကြောက်ရွံ့ဘဲ ဆက်လုပ်ဖို့ တွန်းအားတွေရမိတယ်လို့ဆိုသူက တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုကျော်ကျော်နဲ့ မငယ်ငယ်(အမည်လွှဲ) စုံတွဲပါ။

”ဒီကို(တောထဲ)ရောက်လာပြီး နှစ်ယောက်က အာဏာရှင်ကို တော်လှန်တယ်ဆိုကတည်းက ဒီနှစ်ယောက်က ဘယ် လောက်ချစ်ကြောင်းကို ဖော်ပြနေတာ၊ အဲ့လိုအခြေအနေမှာ တစ်ယောက်က ဆုံးရှုံးသွားရင် တစ်ယောက်ခံစားချက်ကို နားလည်တယ်။ နားလည်တော့ သူတို့အတွက် ကျနော်တို့ ပိုပြီးတော့ ကြိုးစားရမယ်” လို့ ကိုကျော်ကျော်ဆိုတယ်။

ကိုကျော်ကျော်တို့ စုံတွဲကလည်း အခြားသောအဖွဲ့ဝင်တွေနဲ့အတူ ရန်ကုန်က ဆန္ဒပြပွဲတွေမှာအတူတူပါဝင်တာ၊ မြေအောက်တော်လှန်ရေးလုပ်ငန်းတွေမှာ အတူတူပါဝင်တာမျိုးနဲ့ နည်းပေါင်းစုံကနေ အာဏာရှင်ဆန့်ကျင်ရေးတွေကို လုပ်ဆောင်ခဲ့ကြတယ်။ ဒီလိုလုပ်ဆောင်ရင်းအဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသလို ကိုကျော်ကျော်တို့တတွေပါ ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေကြောင့် လွတ်မြောက်နယ်မြေကို တော်လှန်ရေး ဆက်လက်လုပ်ဆောင်ဖို့ ထွက်လာကြတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် တောထဲမှာ နေထိုင်ရတဲ့အခါ အစားအသောက် အနေအထိုင်ဆင်းရဲတာ၊ လေ့ကျင့်မှုတွေ လုပ်ဆောင်ရင်း ထိခိုက်ဒဏ်ရာရတာတွေရှိပေမယ့် အာဏာရှင်ကိုတိုက်ထုတ်ဖို့ ဘယ်လိုအခက်အခဲတွေ ကြုံကြုံ ဘာမဆိုလုပ်ဆောင်သွားမယ်လို့ ယင်းစုံတွဲက ဆိုတယ်။

”သူဆို ထရိန်နင်လုပ်တဲ့အချိန်ပြုတ်ကျတာ ခြေထောက်ခေါက်သွားတာ အခုထိမသက်သာသေးဘူး။ ကျနော်ဆိုလည်း ပြုတ်ကျတာ နံရိုးတစ်ချောင်းက အောင့်နေတုန်း၊ အဲ့လို အခြေအနေမျိုးမှာ သူ့ခြေထောက်လည်း ကျနော်ဆေးလူးပေး။ ကျနော့်နံရိုးလည်း သူဆေးလူးပေး။ အဲ့လိုမျိုး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီပေးကြတာပေါ့”လို့ ကိုကျော်ကျော်က ပြောပါတယ်။

ကိုကျော်ကျော်တို့စုံတွဲကလည်း အာဏာရှင်ကို အဆုံးထိတိုက်ပွဲဝင်ဖို့ ရည်မှန်းထားပြီး မမျှော်လင့်တဲ့အခြေအနေမှာ တစ်ဦး တစ်ယောက် ကျဆုံးသွားရင်တောင် ကျန်တစ်ယောက်က အဆုံးထိဆက်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

တော်လှန်ရေးစုံတွဲတွေက ငယ်ရွယ်တဲ့သူတွေဖြစ်တဲ့အလျောက် အခြားလူငယ်စုံတွဲတွေလို အပျော်အပါးသွား လာချင်ပေမယ့် အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲကြီးကို အမြန်ပြီးမြောက်စေချင်လို့ အိမ်ထောင်သည်တွေရော ချစ်သူစုံတွဲတွေရော တစ်ကိုယ်တည်းသမားတွေကရောတတ်နိုင်တဲ့ဘက်ကနေ တော်လှန်ဖို့ဆုံးဖြတ်ထားတဲ့ အခြေ အနေမှာ မြို့ပေါ်ကလူတွေ ကလည်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းစေချင်တယ်လို့ တော်လှန်ရေးစုံတွဲတွေ ကပြောပါတယ်။

”ဒီကိုရောက်လာတဲ့ ရဲဘော်တိုင်းကလည်း စစ်အုပ်ချုပ်ရေးကြီးကို အမြစ်ဖြတ်ချင်တဲ့စိတ်တစ်ခုထဲနဲ့ တောတွင်းဒုက္ခတွေ ခံရင်းတိုက်နေကြတာ မြို့ပေါ်ကလူတွေလည်းသွေးမအေးပါနဲ့ နိုင်တဲ့ဘက်က ဝိုင်းကူပေးကြပါ” လို့ မသဒ္ဒါကပြောပါတယ်။

မရိုရိုတို့စုံတွဲကလည်း အရေးတော်ပုံအောင်မြင်ပြီး အာဏာရှင်ပြုတ်ကျတဲ့အထိ တတ်စွမ်းတဲ့နေရာကနေ တော်လှန်မယ်လို့ ဆုံးဖြတ်ထားကြပါတယ်။ တော်လှန်ရေးအောင်မြင်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပါ နှစ်ဦးစလုံးလက်တွဲ ပါဝင်ပြီး အခြေအနေတွေအေးချမ်းမှ သူတို့နှစ်ဦး ရည်မှန်းမျှော်လင့်ထားတဲ့ လက်ထပ်ပွဲလေးလုပ်မယ်လို့ ယခုလို ဆိုတယ်။

”အားလုံးပြီးတဲ့တစ်နေ့ လှလှလေးဖြစ်အောင်ပြန်နေပြီး Wedding ပုံတွေ လှလှရိုက်မယ်၊ ချစ်သူနဲ့ လက်ထပ်မယ်။ ဒါကတော့ သေချာတယ်”

ဒေဝီ

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024