Home
မြန်မာသတင်း
ထန်တလန်မြို့မီးလောင်မှုတွင် မီးငြှိမ်းသတ်ရန် တာဝန်ပျက်ကွက်ခဲ့သည့် မီးသတ်ဌာနကို ACFRC က ရှုတ်ချ
DVB
·
October 30, 2021
Hta Ta Lan Fire
Hta Ta Lan Fire 1
Hta Ta Lan Fire 2
Hta Ta Lan Fire 3

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်က  လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ် မီးရှို့ဖျက်ဆီးမှုဟာ ဆိုးရွားလှပြီး မီးငြှိမ်းသတ်ခြင်းမရှိတဲ့ စစ်ကောင်စီ သြဇာခံ မီးသတ်ဌာနကိုလည်း  ACFRC (မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြု) ကော်မတီက  ရှုတ်ချလိုက်ပါတယ်။

ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးလောင်ပျက်စီးမှုကို စစ်ကောင်စီလက်အောက်ခံ မီးသတ်ဌာနက လျစ်လျူရှုထားခြင်းဟာ မီးသတ်ဌာနရဲ့ အရောင်အသွေး၊ လူမျိုးဘာသာ၊ ပါတီရေးနဲ့ စစ်ရေးတွေကို ခွဲခြားခြင်း ဘက်မလိုက်ခြင်း ဆိုတဲ့ မူဝါဒတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ်လို့ ACFRCက ထုတ်ပြန်ပြောဆိုထားပါတယ်။

ACFRC အနေနဲ့ နစ်နာပျက်စီး ဆုံးရှုံးခဲ့ရတဲ့ ထန်တလန်မြို့ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို အရပ်သားအစိုးရ အာဏာပြန်လည်ရရှိတဲ့အချိန်မှာ အပြည့်အ၀ တာဝန်ယူမှာဖြစ်တယ်လို့ ACFRC က ထုတ်ပြန်ကြေညာထားပါတယ်။

ထန်တလန်မြို့ဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်  မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်း အပါအဝင် အိမ်ခြေ ၁၆၀ ကျော် လောက်အထိ မီးလောင် ပြာကျခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“မီးလာငြှိမ်းတဲ့ ပြည်သူတွေကိုလည်း ပစ်လွှတ်ပါတယ်။ ညကအထိဆိုရင် ၁၃၀ လောက် ပြာကျသွားခဲ့တယ်။ အခုတော့ မီးငြိမ်းသွားပါပြီ။ မီးခိုးတွေကတော့ ရှိနေသေးပေမဲ့ ထပ်မီးလောင်တဲ့အိမ်တွေ မရှိလောက်တော့ဘူး ထင်ပါတယ်။ မိုးရွာချပါစေလို့ ဆုတောင်းနေပါတယ်” လို့ ထန်တလန် ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်မှုဟာ အောက်တိုဘာ ၂၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ မီးငြိမ်းခဲ့ပေမယ့်  ပျက်ဆီးဆုံးရှုံးမှု များပြားခဲ့တယ်လို့  ဒေသခံတွေက ဆိုပါတယ်။

Photo Credit-

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024