မင်္ဂလာဒုံတွင် အရုဏ်ဦးသပိတ်ဖြိုခွင်းရန်လာသည့် စစ်ကောင်စီတပ် ဗုံးခွဲတိုက်ခိုက်ခံရ

Photo-မင်္ဂလာဒုံအမျိုးသားမီဒီယာ - MNM

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်မှာ အရုဏ်ဦးသပိတ်ဖြိုခွင်းဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ အောက်တိုဘာ ၃၀ ရက်မနက်အစောပိုင်းက ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ 

မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်ရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ မင်္ဂလာဒုံလူငယ်တွေက ဒီမနက် ၅ နာရီလောက်မှာ  အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့ စာရွက်တွေကပ်ပြီး အရုဏ်ဦး  သပိတ်ပြုလုပ်ခဲ့ကြတာပါ။

အဲဒီလို ပြုလုပ်နေစဉ် သပိတ်ကို ဖြိုခွင်းဖို့ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ ပထမအကြိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာချိန်မှာပဲ နောက်ထပ် ဒုတိယအကြိမ်ထပ်မံ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့  အခင်းဖြစ်ပွားရာ အနီးနေထိုင်တဲ့ ဒေသခံ တဦးကပြောပါတယ်။

“ပထမအကြိမ်ဗုံးပေါက်တော့ သူတို့က လာစစ်ဆေးနေပြီ။ အဲဒီအချိန် နောက်တစ်လုံးလည်း ထ‌ပေါက်ရော သူတို့ ပြာသွားကြတယ်။ သူတို့ထဲက တယောက်ဆို ကြောက်ပြီးတော့ ဟေ့ကောင်တွေ ခုချက်ချင်းကားကို နောက်ပြန်ဆုတ်၊ ဆုတ်တော့၊ ဗုံးသံမကြားဘူးလား။ လမ်းကို ခုချက်ချင်းပိတ်၊ သေကုန်တော့မှာပဲလို့ပြောတာ ကြားရတယ်။”

အခုလို တိုက်ခိုက်မှုကြောင့်  စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးဘူး။

လက်ရှိအချိန်မှာတော့ ဗုံးပေါက်ကွဲခဲ့တဲ့  စမ်းကြီးဝရပ်ကွက်ကို  ၂(က) အုပ်ချုပ်ရေးမှူးက လာရောက်ကြည့်ရှုသွားတယ်လို့ သိရပါတယ်။

စစ်တပ်တွေအများအပြား အခြေစိုက်တဲ့ မင်္ဂလာဒုံမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ  တစ်ပတ်အတွင်း အသတ်ခံရပြီးနောက်  ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ အစုလိုက်နုတ်ထွက် နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up