Home
မြန်မာသတင်း
ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် မြန်မာဗဟိုဘဏ်နှင့် ရုရှားဗဟိုဘဏ် လက်မှတ်ထိုးမည်
DVB
·
October 28, 2021

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတိုးတက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာဗဟိုဘဏ်နဲ့ ရုရှားဗဟိုဘဏ်တို့အကြားလက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်၊ မြန်မာဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းနဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း  ဒုဥက္ကဋ္ဌ အနာတိုလီဘူလိုချနီကော့ဗ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အောက်တိုဘာ ၂၇ ရက်က နေပြည်တော်မှာတွေ့ဆုံစဉ် ဒီကိစ္စဆွေးနွေးခဲ့တာလို့  ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ရေးပါတယ်။

နှစ်နိုင်ငံအကြား အစိုးရကဏ္ဍ ပုဂ္ဂလိကကဏ္ဍတို့မှာ  စနစ်တကျပူးပေါင်း ဆောင်ရွက်နိုင်ဖို့နဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဆင်ပြေစွာ ပူးပေါင်းအကောင်အထည်ဖော် နိုင်ဖို့အတွက်  ရုရှား-မြန်မာ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းကော်မတီ ဖွဲ့စည်းဖို့ အဆိုပြုကြောင်းနဲ့ အဆိုပါကော်မတီမှာ နှစ်နိုင်ငံမှ သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့  ဖွဲ့စည်းဆောင်ရွက်ကြဖို့  ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း  ဒုဥက္ကဋ္ဌက အဆိုပြု ပါတယ်။ 

စစ်ကောင်စီဝန်ကြီး ဦးဝင်းရှိန်က ရုရှားဘက်က အဆိုပြုလာတာကို   လက်ခံကြောင်း၊ နှစ်နိုင်ငံ ဗဟိုဘဏ်တွေ ပူးပေါင်းဆောင်ရွက် နိုင်ဖို့အတွက် နှစ်ဖက်သဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့ ဆောင်ရွက်နေတယ်လို့ ဆွေးနွေးပွဲမှာ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး စီးပွားရေးသုတေသီတဦးက“ကျနော်တို့ဆီမှာ ကုန်သွယ်ရေးနဲ့ပတ်သတ်ပြီး အဓိကသုံးတာက အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်ပဲရှိတာလေ။ ရုရှားငွေဆိုတာ ဘယ်သူ့မှာလည်း မကိုင်ကြဘူးနော်။ ကမ္ဘာမှာလည်း Global ရဲ့အရေးပါမှုက အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင်တခြားစီပဲလေ။ ပြီးတော့ သူ့မှာ အမေရိကန်နိုင်ငံလို ဓနအင်အားလည်း မရှိဘဲနဲ့ သူဘယ်လို ကျားကန်ပေးနိုင်မလဲပေါ့နော်။ ဆိုတော့ ဒါက ဆေးမြီတိုနဲ့ ကုစားဖို့ဘဲ ဖြစ်မှာပေါ့။ ရုရှားနဲ့ကုန်သွယ်တဲ့အခါ သူတို့ ငွေနဲ့ချေမယ်ဆိုရင်တော့ ဖြစ်ရင် ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ တကယ်တမ်း ပို့ကုန်ရောသွင်းကုန်အတွက်ရော ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ဆိုရင်တော့ အရေး သိပ်မပါဘူး” လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ ကုန်သွယ်ဘက်နိုင်ငံတွေနဲ့ပတ်သက်ပြီး အဆိုပါပုဂ္ဂိုလ်က “ကုန်သွယ်ရေးမှာတော့ မြန်မာပြည်က အဓိကအားထားရတာက တရုတ်နဲ့အာဆီယံဘဲရှိတယ်လေ။ ဘာလို့လဲဆို တင်ပို့ရတာ နီးလည်းနီးတယ်။ ပြီးတော့ အဲဒီစျေးကွက်ကလည်း ကြီးတယ်။ ဆိုတော့ ကုန်သွယ်မှုမှာတော့ ရှရုားက အရေးကြီးတဲ့ အထဲမှာ မပါဘူး။ ဘာလို့လဲဆို မြန်မာနိုင်ငံအတွက်က စျေးကွက်က မကြီးဘူးလေ။ အဲ့တော့ ရုရှားကုမ္ပဏီတွေက ဒီမှာ ဘာတွေလာပြီးတော့ ရင်းနှီးမြုပ်နှံမှာလည်းပေါ့နော်။ ရုရှားက ကမ္ဘာမှာနာမည်ကြီးတာကတော့ လက်နက်ရောင်းချတာနဲ့ ရေနံပဲ ရှိတာလေ။ ပြီးတော့ ရုရှားရ  ဂျီဒီပီ ကိုပြန်ကြည့်တဲ့အခါမှာ အဓိကတွေ့တာကတော့ စွမ်းအင်ကဏ္ဍဘဲ တွေ့တယ်။ အဲ့တော့ များသောအားဖြင့် သူတို့လုပ်မယ်ဆိုရင် သံယံဇာတတူးဖော်ရေးမှာဘဲ အများဆုံးဖြစ်မယ်ထင်တယ်” လို့ထပ်လောင်းပြောပါတယ်။

နိုင်ငံရေး၊စစ်ရေးလေ့လာသုံးသပ်သူတဦးကတော့ “နိုင်ငံတကာမှာရေးနေကြတာကလေ ရုရှားကို ဖျက်မြင်းလို့ ရေးသား နေကြတာလေ။ အဓိက သူက လက်နက်ရောင်းတယ်။ ပြီးတော့ သူက ပဋိပက္ခဖြစ်တဲ့ နိုင်ငံတွေမှာ ဝင်ရောက်ပြီးတော့ အမြတ်ထုတ်တယ်နော်။ ဆီးရီးယားမှာပဲဖြစ်ဖြစ် ဗစ်နီဇွဲယား လစ်ဗျားတို့ အဲ့နိုင်ငံတွေမှာ ရုရှားက သူသွားပြီးတော့ အာဏာရှင်အစိုးရတွေကို ထောက်ပံ့တာ ရှိတယ်လေ။ အဲ့တော့ ရုရှားက သူလာမယ့် ရင်းနှီးမြုပ်နှံမှုတွေက တာဝန်ယူမှု၊တာဝန်ခံမှု မရှိတဲ့လုပ်ငန်းတွေဘဲ ဖြစ်မှာပေါ့နော်။ ပြီးတော့ ရုရှားက အခု ရေနံစျေးတက်လို့ သူ့ငွေက နည်းနည်းတက်နေတာ။ ရေနံစျေးကျရင် သူ့ငွေက အောက်ထိုးကျမှာလေ။ ရေနံ စျေးတက်လို့ သူက နည်းနည်းခံသာနေတာပေါ့နော်။ ပြီးတော့ သူ့နိုင်ငံကလည်း  အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကို ခံထားရတာလေ။ ဆိုတော့ အခုက စီးပွားရေးပိတ်ဆို့ခံထားရခြင်း အတူတူပေါင်းကြမယ့် သဘောဖြစ်နေတယ်” လို့ဆိုပါတယ်။

ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း မနေ့က တွေ့ဆုံပြီး နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ လောင်စာဆီ၊ သဘာဝဓတ်ငွေ့၊ ဘိလပ်မြေ၊ သံမဏိ၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရေးလုပ်ငန်းတွေ  ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးနဲ့ လျှပ်စစ်ဓာတ်အားသုံး အများပြည်သူပို့ဆောင်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ရုရှားနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ်  Vice Admiral Vladimir KASATONOV နဲ့အဖွဲ့ဟာလည်း စစ်ဦးစီးအရာရှိချုပ်(ရေ)ဦးဆောင်တဲ့ တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပြီး ရေကြောင်းဆိုင်ရာလုံခြုံရေး၊ နည်းပညာ ဖလှယ်ရေး ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Photo-MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024