ပင်လယ်ရေကြောင်း ခြိမ်းခြောက်မှုအပေါ် ဆန့်ကျင်ဟု ဂျပန်ဝန်ကြီးချုပ် ပြော

လွတ်လပ်ပွင့်လင်းတဲ့ပင်လယ်ရေကြောင်းဆိုင်ရာ လိုက်နာမှု ထုံးစံတွေအပေါ် ခြိမ်းခြောက်တာတွေ ကိုဆန့်ကျင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖှုမီအို ခိရှိဒါ့က အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံမှာ ပြောလိုက်တယ်လို့ ဂျပန်အစိုးရက အောက်တိုဘာ ၂၇ ရက်က ပြောလိုက်ပါတယ်။

တရုတ်ဟာ သယံဇာတနဲ့ စွမ်းအင်ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အားလုံးနီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောပြီး လူလုပ်ကျွန်းတုတွေနဲ့ စစ်စခန်းတွေကို တည်ဆောက်ခဲ့ ပါတယ်။

ဒါ့အပြင် အရှေ့တရုတ်ပင်လယ်ထဲမှာ ဂျပန်က အုပ်ချုပ်နေတဲ့ ကျွန်းငယ်စုတွေကို သူတို့ပိုင်တယ်လို့ တရုတ်အစိုးရက အခိုင်အမာ ပြောခဲ့ပြန်ပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာတော့ အာဆီယံ ခေါင်းဆောင်တွေဟာ တရုတ် ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ထိပ်သီးညီလာခံအတွင်း တွေ့ဆုံပါတယ်။

ပင်လယ်ရေကြောင်းဆိုင်ရာ ထုံးတမ်းတွေနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ဆက်လက် ဆွေးနွေး ကြပါတယ်။

အရှေ့တောင်အာရှဒေသဟာ အမေရိကန်နဲ့ တရုတ်ကြား ပြိုင်ဆိုင်ရာ ဗျူဟာမြောက် ကွင်းပြင် ဖြစ်လာနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

တရုတ်ရဲ့ ကြီးမားတဲ့ ရေတပ် တပ်မဟာကို စိန်ခေါ်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ တောင် တရုတ်ပင်လယ် တခုလုံးနီးပါးမှာ ပိုတိုး ကင်းလှည့်နေကြပြီး တရုတ်အစိုးရကလည်း သူ့ရဲ့ ပိုင်နက် အချုပ်အခြာကို ထောက်ကန် အားဖြည့်ဖို့ တပ်တွေကို တိုးမြှင့် ချထားနေပါတယ်။.

More News
Up