
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ သတင်းပေး ဒလန်လို့ နာမည်ထွက်နေတဲ့ လင်မယား အောက်တိုဘာ ၂၈ ရက် ဒီမနက်ပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇီးဖြူပင်ရွာက ဦးသန်းထွန်းတို့ လင်မယားဟာ ဒီနေ့ မနက် ၈ နာရီကျော်က တောလမ်းတနေရာမှာ သေနတ်နဲ့ ပစ်သတ်ခံရတာပါ။
“အခုအချိန်အထိတော့ အလောင်းလာမကောက်သေးဘူး။ တယောက်က ၃ ချက်၊ တယောက်က ၄ ချက် သေနတ်မှန်ထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဇီးဖြူပင်ရွာမှာ မကြာသေးခင်က စစ်တပ်ကဝင်စီးပြီး မီးရှို့ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ပစ်သတ်ခံရတဲ့ ဦီးသန်းထွန်းဟာ စစ်ကောင်စီတပ်တွေကို သတင်းပေးခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
“လွန်ခဲ့တဲ့ ၁၆ ရက်၊ ၁၇ ရက် ဇီးဖြူပင်ဘက်က စစ်ရှောင်စခန်းနဲ့ MSTF စခန်းကို ခလရ ၁၁၆ က ဝင်စီးတာမှာ သူတို့က နံပါတ် တစ်တရားခံပဲ။ ရွာထဲက အိမ်တွေကိုလည်း လက်ညိုးထိုး မီးရှို့ခိုင်းခဲ့တာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဦးသန်းထွန်းတို့ လင်မယားကို ဘယ်အဖွဲ့အစည်းက ပစ်သတ်ခဲ့တာလဲဆိုတာကိုတော့ ကြေညာတာ မရှိသေးပါဘူး။