အာဏာသိမ်း စစ်ကောင်စီထံ ခံဝန်ထိုးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ဟာ အောက်တိုဘာ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန်လောက်က ဖမ်းဆီးခံလိုက်ရပါတယ်။
NLD အမတ် ဒေါ်နွယ်နွယ်အောင်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေက မော်လမြိုင်ဈေးကြိုရပ်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတာလို့ NLD ပါတီနဲ့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။
ဒေါ်နွယ်နွယ်အောင်ဟာ စစ်ကောင်စီထံ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပတ်သက်မှု မရှိကြောင်း ခံဝန်လက်မှတ်ရေးထိုးပြီး နေအိမ်မှာ နေထိုင်နေတာပါ။
NLD အမတ် ဒေါ်နွယ်နွယ်အောင်ကို ဘာကြောင့် ဖမ်းဆီးသွားလဲဆိုတာ မသိရသေးသလို လက်ရှိမှာတော့ မော်လမြိုင်မြို့ပေါ်က ရဲစခန်းတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ဥက္ကဋ္ဌ ဖြစ်ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရဖို့ ရေပန်းစားခဲ့သူတစ်ဦး ဖြစ်ပါတယ်။