ထိုင်းတွင် လူနာတင်ကားဖြင့်လိုက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦး ဖမ်းဆီးခံရ

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်၊ ကရပူရီမြို့နယ်ထဲမှာ အရေးပေါ်လူနာတင်ကားနဲ့ လိုက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦးကို ထိုင်းကယ်ဆယ်ရေးလုပ်သား ၂ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် အမှတ် ၂၅ ခြေလျင်တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်တာဝန်ရှိသူတွေဟာ ဒီကနေ့မနက်စောစောက ကရပူရီမြို့နယ်ထဲမှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် ရနောင်းဘက်ကနေ အရေးပေါ်အချက်ပြမီးဖွင့်ပြီး မောင်းနှင်လာတဲ့ လူနာတင်ကားတစ်စီးပါ တားဆီးစစ်ဆေးခဲ့ကြောင်း၊ ကားရှေ့ခန်းမှာ ထိုင်းယာဉ်မောင်းတစ်ဦးနဲ့ အဖော်ထိုင်း အမျိုး သမီးတစ်ဦးတို့ လိုက်ပါလာပြီး နောက်ခန်းကိုစစ်ဆေးရာမှာတော့ မြန်မာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၇ ဦးတို့ လိုက်ပါလာတယ်လို့ တာဝန်ရှိသူမှ သတင်း ထောက်တွေကို ပြောပါတယ်။
သူတို့ဟာ ရနောင်းမှာ အလုပ်လာလုပ်တာ ၁ လ ရှိခဲ့ပြီး ပွဲစားက ဘန်ကောက်မှာ အလုပ်လုပ်ဖို့ ဆက်သွယ်ပေးလို့ လိုက်လာတာလို့ပြောကြောင်းပြောပေမဲ့ သူတို့ကိုင်ဆောင်လာတဲ့ စာရွက်စာတမ်း အထောက်အထားမှာ အတုတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းယာဉ်မောင်းနဲ့ အဖော်အမျိုးသမီးကတော့ သူတို့ဟာ ဖောင်ဒေးရှင်းတစ်ခုက စေတနာ့ ဝန်ထမ်းတွေဖြစ်ပြီး ကိုဗစ်-၁၉ သံသယရှိလူနာတွေကို ကွာရန်တင်းစင်တာပို့ ဆောင်ပေး နေတာလို့ ပြောပါတယ်။
အဆိုပါ မြန်မာလုပ်သား ၁၀ ဦးကိုတော့ ရနောင်းကနေ ဘန်ကောက်ကိုပို့ပေးဖို့ နိုင်ပေါင်းဆိုသူ မြန်မာတဦးက ဘတ် ၁၆၀၀၀ နဲ့ စင်းလုံးငှါးပေးခဲ့ကြောင်း ၊ သူတို့မှာ အထောက်အထားပြည့်စုံတယ်လို့ ပြောလို့ သယ်ဆောင်ခဲ့ကြောင်း၊ လက်မှတ်အတုဖြစ်တာကိုတော့ ခုမှသိရကြောင်း ၊ နိုင်ပေါင်းကတော့ ရနောင်းကနေအတူ တူထွက်လာ ပေမယ့် လမ်းခုလတ်မှာ ကိစ္စလေးရှိလို့ ဆိုပြီး ဆင်းကျန်ခဲ့တယ်လို့ပြောပါတယ်။
တာဝန်ရှိသူတွေက ယာဉ်မောင်းပြောသမျှအကုန်မယုံကြည်သေးဘဲ ဆက်လက်စစ်ဆေး အရေးယူဖို့ အားလုံးကို ကရပူရီမြို့နယ် ပတ်ကျန်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြောသွားပါတယ်။