အာဆီယံနှင့် မဟာမိတ်အဆင့်တိုးမြှင့်ရန် ဒေါ်လာ သန်း ၁၀၀ ကျော်သုံးမည်ဟု သမ္မတ ဘိုင်ဒင်ပြော

အမေရိကန်အစိုးရက အာဆီယံနဲ့ ဗျူဟာမြောက် မဟာမိတ်အဆင့် တိုးချဲ့ဖို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်အသုံးပြုဖို့ စီစဉ်နေတယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၂၆ ရက် ထိပ်သီးညီလာခံမှာ ပြောလိုက်ပါတယ်။
တရုတ်ရဲ့ အင်အားချဲ့ထွင်မှု တိုးလာတာကို တုံ့ပြန်ဖို့ အာဆီယံ မိတ်ဖက်နိုင်ငံအဖြစ် အာဆီယံထိပ်သီးညီလာခံမှာ အမေရိကန် သမ္မတ တဦးအနေနဲ့ ၄ နှစ်အတွင်း ပထမဆုံး ပါဝင်တက်ရောက်တာပါ။
အမေရိကန်ဒေါ်လာ ၁၀၂ သန်းကို ကျန်းမာရေး၊ ရာသီဥတုအရေး၊ စီးပွားရေးနဲ့ ပညာရေး အစီအစဉ်တွေအတွက် သုံးဖို့ မျှော်လင့်ထားပါတယ်။
အရှေ့တောင်အာရှဒေသအတွင်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသစ်တွေရအောင် အားထုတ်ဖို့နဲ့ အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေဖို့ လူကိုယ်တိုင် လာရောက်လည်ပတ်ဖို့ အာဆီယံ ခေါင်းဆောင်တွေ မျှော်လင့်နိုင်တယ်လို့လည်း ဘိုင်ဒင်က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်လို့ ဘိုင်ဒင်က ပြောရင်း ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ လူတွေကို ပြန်လွှတ်ပေးဖို့ စစ်တပ်ကို တောင်းဆိုပါတယ်။
ဒေသတွင်း နိုင်ငံတိုင်းဟာ ဘယ်လောက်ကြီးပြီး အားကောင်းပါစေ၊ ဥပဒေကို လေးစားလိုက်နာပြီး ကစားကွင်းထဲမှာ ယှဉ်ပြိုင်အောင်မြင်နိုင်တဲ့ ဒေသဖြစ်စေရေးဟာ သူ့ရဲ့ ပန်းတိုင်ပဲလို့လည်း ဘိုင်ဒင်က ပြောပါတယ်။
ဘိုင်ဒင်ဟာ အာရှပစိဖိတ်ဒေသတွင်း တခြားနိုင်ငံတွေနဲ့ အာဆီယံ နိုင်ငံတွေကို ပိုနီးကပ်စေတဲ့ ပိုကျယ်ပြန့်တဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကိုလည်း အောက်တိုဘာ ၂၇ ရက်မှာ တက်ရောက်ခဲ့ပါတယ်။