လူငယ်တိုက်စစ်မှူး အန်ခီတီယာကို စာချုပ်သက်တမ်းတိုးမည်ဟု အာဆင်နယ်နည်းပြပြော

လူငယ်တိုက်စစ်မှူး အမ်ခီတီယာဟာ ထိပ်တန်းအဆင့်ကစားသမား ဖြစ်လာနိုင်သူဖြစ်လို့ စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းသွားမယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။
အသက် ၂၂ နှစ်ရှိ အင်္ဂလန်ယူ ၂၁ တိုက်စစ်မှူးဟာ လိဒ်ယူနိုက်တက်ကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့ပြီး အနိုင်ဂိုး တစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။
အသင်းနဲ့စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်လို့ စာချုပ်သက်တမ်း တိုးမလား၊ ရောင်းချမလားဆိုတာ အာဆင်နယ်ဘက်က ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
နည်းပြအာတီတာကတော့ ရာသီအစက ရောင်းချဖို့ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အမ်ခီတီယာကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ပြောပါတယ်။
“သူက ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်လာမယ်ဆိုတာ အပြည့်အဝယုံကြည်တယ်။ အာဆင်နယ်မှာ ဆက်ရှိဖို့လည်း မျှော်လင့်တယ်။ သူက စာချုပ်သက်တမ်းတိုးဖို့လည်း ထိုက်တန်သူ တစ်ဦးပါ။ သူ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက်လည်း ပျော်ရွှင်ရပါတယ်” လို့ အာတီတာက ချီးကျူးပါတယ်။
အင်္ဂလန်ယူ ၂၁ အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားတဲ့ အမ်ခီတီယာဟာ ဒီရာသီမှာ လိဂ် ဖလား ၂ ပွဲမှာပဲကစားခွင့်ရပြီး ၂ ဂိုးသွင်းယူပေးထားပါတယ်။