ဘယာဂတိကို လွန်မြောက်ခြင်းနှင့် မြန်မာ့နွေဦးတော်လှန်ရေး အောင်ပွဲ

နိုင်ငံတော်ရဲ့ အာဏာကို လက်နက်အားကိုးနဲ့ အကြိမ်ကြိမ်လုယူခဲ့ကြတဲ့ စစ်အာဏာရှင်စနစ်ရဲ့ အန္တိမရည်မှန်းချက်ဟာ စစ်အာဏာ ထာဝစဉ်တည်မြဲရေး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း တပ်မတော်သည် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍမှာ ထာဝစဥ်ဦးဆောင်နေမည်လို့ စစ်အာဏာရှင်တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ မရှက်မကြောက် ဗြောင်ထည့်သွင်း ရေးဆွဲထားခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ စစ်အာဏာ ထာဝစဉ်တည်မြဲရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ ကျင့်သုံးတဲ့ နည်းဗျူဟာတွေအနက်က ပဓာနအကျဆုံးဗျူဟာတစ်ခုကတော့ ပြည်သူတွေကြားမှာ အကြောက်တရားကို ဖန်တီးအုပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။
လူထုကြားမှာ အကြောက်တရားကို ဖန်တီးဖို့ စစ်အာဏာရှင် လူမိုက်လူရမ်းကားတွေဟာ သူတို့မှာ ရှိတဲ့ လက်နက်၊ အာဏာခိုးရာပါ ဓနဥစ္စာတွေ အသုံးပြု ခြိမ်းခြောက်ပြီး အကြောက်တရားဝန်းကျင်ကို ဖန်တီးကြပါတယ်။ စစ်အာဏာရှင်စနစ်ကို အာခံဆန့်ကျင်သူတွေ၊ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ပြီး လှုပ်ရှားတက်ကြွသူတွေ အသက်၊ ဥစ္စာစည်းစိမ်၊ ရာထူးတွေ ဖျက်ဆီးခြိမ်းခြောက်ပြီး ဘယာဂတိလို့ခေါ်တဲ့ ကြောက်ရွံ့မှုကြောင့် မပြုအပ်တာတွေ ပြုပြီး စစ်အာဏာရှင်စနစ်ကို မဆန့်ကျင်ဝံ့အောင် အနိုင်အထက်ကျင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ စိတ်ပညာသဘောအရ အကြောက်တရားကို ဖန်တီးသူတွေ၊ သူတပါးကို သတ်ဖြတ် ခြိမ်းခြောက်အနိုင်ကျင့်သူတွေဆီမှာလည်း အကြောက်တရားတွေ ထပ်တူဖြစ်ထွန်းလာလေ့ ရှိပါတယ်။
ဆိုလိုတာက မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အာဏာလု စစ်ကောင်စီလက်အောက်မှာ အဖိနှိပ်ခံ ပြည်သူတွေတင်သာမက ဖိနှိပ်ဗိုလ်ကျသူတွေကြား နှစ်ဘက်စလုံးမှာပါ အကြောက်တရားတွေ ကြီးစိုးလွှမ်းမိုးမှုဟာ အခုဆို အမြင့်ဆုံးရေချိန်ကို ရောက်လာခဲ့ရပါတယ်။
ဒီကနေ့ ပကတိအခြေအနေမှာ ထူးခြားတာကတော့ အဖိနှိပ် အနိုင်ကျင့်ခံ ပြည်သူလူထုအများစုဟာ အကြောက်တရားကို ကျော်လွှားလွန်မြောက်လာနိုင်တာကို တွေ့ရသလို တပြိုင်နက်မှာ ဖိနှိပ်သူ စစ်အခွင့်ထူးခံတွေကြားမှာ စိုးရွံ့မှုအကြောက်တရားတွေ ကြီးထွားသထက် ကြီးထွားလာတာကို မြင်သာလာပါပြီ။
ဒါဟာ လူအများ လက်မခံတဲ့ စနစ်တခုကနေ အများလိုချင်တဲ့ နောက်စနစ်တခုဆီ ပြောင်းတော့မယ်ဆိုတာ ပြသနေတဲ့ ညွှန်ကိန်းတခုပဲ ဖြစ်ပါတယ်။
ကြောက်လန့်မှုနဲ့ နာခံရတဲ့ စနစ်ဆိုးအောက်မှာ ကြောက်လန့်စိတ်ကို လွန်မြောက်လာတဲ့ အဖိနှိပ်ခံ ပြည်သူတွေဟာ ခြိမ်းခြောက်အုပ်ချုပ်သူတွေကို မကြောက်မလန့်တော့ဘဲ တော်လှန်မှ အားလုံး ဘဝတွေ လုံခြုံစိတ်ချရတော့မယ်ဆိုတဲ့ ဘဝပေးအသိစိတ်တွေကို အလိုလိုသိမြင် ယုံကြည်လာကြတာ ဖြစ်ပါတယ်။
ဒီလို အကြောက်တရားကို ပြတ်ပြတ်သားသား လွန်မြောက်ခြင်းကသာ မြန်မာ့နွေဦး တော်လှန်ရေးကို အောင်ပန်းဆွတ်ခူးပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ လက်နက်အားကိုး ဗိုလ်ကျတဲ့ စစ်အာဏာရှင်တွေကြား သူတို့ ကျုးလွန်တဲ့စစ်ရာဇတ်မှုတွေအတွက် ပြန်ခံရမယ့်ဘေးနဲ့ ပြည်သူလူထုရဲ့ ရဲရင့်ပြတ်သားမှုအပေါ် ကြောက်လန့်မှုတွေ တနေ့တခြား ကြီးထွားလာနေပါပြီ။
စစ်အာဏာရှင်စနစ်ကြီးစိုးအားကောင်းစဉ် လွန်ခဲ့တဲ့နှစ် ၇၀ သမိုင်းဆိုးတွေကို ပြန်လည်စောင်းငဲ့ ကြည့်လိုက်ရင် အရင်ခေတ်တွေမှာ ပြည်သူအများစုကြားမှာ အကြောက်တရားတွေ ကြီးထွားလာရအောင် စစ်မိစ္ဆာ စစ်ဘီလူးတွေဟာ အောက်ပါစစ်ရာဇဝတ်မှုတွေ လူ့ဂုဏ်သိက္ခာကို စော်ကားနှိမ့်ချမှုတွေကို ရက်စက်ကြမ်းကြုတ်စွာ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
💢 ၁၉၆၂- စစ်အာဏာသိမ်းပွဲနဲ့ ဆဲဗင်းဂျူလိုင် ရန်ကုန်တက္ကသိုလ်ကျောင်းသားအရေးအခင်း
💢 ၁၉၆၇- သြဂုတ် ၁၃ ရက် စစ်တွေမြို့အရေးအခင်း
💢 ၁၉၇၄- ဇွန်လ ရန်ကုန်မြို့ အလုပ်သမားအရေးအခင်း
💢 ၁၉၇၄- ဒီဇင်ဘာ ရန်ကုန်မြို့ ဦးသန့်အရေးအခင်း
💢 ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်း
💢 ၁၉၈၅-၈၇- ငွေစက္ကူဓားပြတိုက်မှု၊ ဖုန်းမော်အရေးအခင်း
💢 ၁၉၈၈- မတ်လ၊ ဇွန်လအရေးအခင်း
💢 ၁၉၈၈ သြဂုတ်လ ရှစ်လေးလုံးအရေးတော်ပုံ
💢 ၁၉၈၈ စက်တင်ဘာအာဏာသိမ်းပွဲ
💢 ၁၉၉၀- ရွေးကောက်ပွဲရလဒ်ဖျက်ဆီးမှု
💢 ၁၉၉၅/၉၆ - အရေးအခင်း
💢 ၂၀၀၃- ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဥ်
💢 ၂၀၀၇- စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး
💢 ၂၀၁၅- ဒီမိုကရေစီပညာရေးကျောင်းသားသပိတ်
💢 ၂၀၁၆ အောက်တိုဘာ ရခိုင်ရိုဟင်ဂျာပဋိပက္ခ
💢 ၂၀၁၇ ဩဂုတ်လ ရခိုင်ပြည် အာဆာအကြမ်းဖက်မှု
💢 ၂၀၂၁ ခု စစ်အာဏာလုပွဲနဲ့ မြန်မာ့နွေဦးအရေးတော်ပုံ
အဲဒီလို လက်နက်နဲ့ အကြမ်းဖက်လိုင်စင်ရ စစ်ဗိုလ်ချုပ်တစုရဲ့ ပြည်သူတွေအပေါ် လူမဆန်စွာ ရမ်းကားသတ်ဖြတ်ခဲ့မှု၊ တိုင်းပြည်ရဲ့ နိုင်ငံရေးသားကြောဖြတ်ခဲ့မှုကြောင့် ၂၀၂၁ နွေဦးတော်လှန်ရေး မတိုင်ခင်အထိ ပြည်သူတွေကြားမှာ အကြောက်တရားအမျိုးမျိုး ဖြစ်ထွန်းခဲ့ရပြီး နိုင်ငံရေးမှာ မပတ်သက်ချင်ကြဘဲ ဥပေက္ခာပြုလာကြသူများ ရှိသလို၊ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး စီးပွားဖြစ်လာရခြင်းကို မရှက်မကြောက် လုပ်ကိုင်လာကြတာမို့ စစ်အာဏာရှင်စနစ် ရှင်သန်ကြီးထွားလာခွင့်ရစေခဲ့ပါတယ်။
၁) အသက်အန္တရာယ်ဆုံးရှုံးရမှာ စိုးရွံ့ကြောက်လန့်ရခြင်း
၂) ထောင်ကျ ဘဝပျက်မှာကို စိုးရွံ့ကြောက်လန့်ရခြင်း
၃) ရာထူးမတက်မှာကို စိုးရွံ့ကြောက်လန့်ရခြင်း
၄) စီးပွားပျက်မှာကို စိုးရွံ့ကြောက်လန့်ရခြင်း
၅) အကျင့်သီလဖေါက်ပြန်သည့် အုပ်စိုးသူစစ်အသိုင်းအဝိုင်းနဲ့ မိတ်ပျက်မှာ စိုးရွံ့ကြောက်လန့်ရခြင်း
၆) အခွင့်အရေးမရမှာ စိုးရွံ့ကြောက်လန့်ရခြင်း
၇) မသန့်ရှင်းစွာရရှိခဲ့သော စည်းစိမ်ဥစ္စာများ ပြန်ဆုံးရှုံးမှာ စိုးရွံ့ကြောက်လန့်ရခြင်းတို့ ဖြစ်ကြပါတယ်။
အဲဒီအကြောက်တရားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖာ်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူမခန့်အပ်တဲ့ စစ်မိစ္ဆာကာချုပ် မင်းအောင်လှိုင်က ရွေးကောက်ခံအစိုးရထံကနေ အာဏာလုယက်မှု ကျုးလွန်လာတဲ့အခါ မတရားမှုကို ဆန့်ကျင်လာကြတဲ့ နွေဦးတော်လှန်ရေးအတွင်း ပြည်သူတွေကို ခေါင်းတည့်တည့်ချိန်ပစ်ပြီး ဦးနှောက်ထွက်အောင် သတ်ဖြတ်ခဲ့ကြတဲ့အပြင် လက်နက်မပါ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မနက် လာဖမ်း၊ ညနေ အလောင်းယူခိုင်းတဲ့အထိ လူမဆန်စွာ မိုက်ရိုင်းသတ်ဖြတ်လာကြတဲ့အခါမှာတော့ ရှင်သန်ဖို့အတွက် အကြောက်တရားတွေ စတင် ပျောက်ကွယ်လို့ ဘယာဂတိကို လွန်မြောက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တိုက်ပွဲတွေ အားကောင်းလာရပါတော့တယ်။
ပြည်သူတွေဘက်မှာ အကြောက်တရားတွေကို လွန်မြောက်ခဲ့ကြပြီး ရဲရင့်မှုတွေ အားကောင်းလာလေလေ၊ စစ်အာဏာရှင်အသိုင်းအဝိုင်းဘက်မှာ အကြောက်တရားတွေ စိုးရွံ့အားငယ်မှုတွေ ဆတက်ထမ်းပိုး တိုးလို့လာနေပါပြီ။
စနစ်ဟောင်းကို ဖက်တွယ်သူတွေနဲ့ စနစ်သစ်ကို တည်ဆောက်လိုသူတွေ အားပြိုင်ကြရာမှာ ပြင်းပြတဲ့ ယုံကြည်ချက်အပေါ် စွန့်လွှတ်စွန့်စားရဲတဲ့ စိတ်ဓာတ်နဲ့ အကြောက်တရားကို လွန်မြောက်နိုင်မှု အားကောင်းတဲ့ဘက်က မုချအောင်ပွဲခံမှာ ဖြစ်ပါတယ်။
နိုင်ငံသူနိုင်ငံသားတွေရဲ့ အမှန်တရားနဲ့ ဓမ္မတရားဘက်က ပြတ်ပြတ်သားသား ရပ်တည်ရဲတဲ့ စိတ်ဓာတ်နဲ့ အကြောက်တရားကို လွန်မြောက်နိုင်ပြီး ဘယာဂတိ မလိုက်စားခြင်းဟာ အကြမ်းဖက် လူသတ်စစ်ကောင်စီကို ဖယ်ရှားချုပ်ငြိမ်းစေမယ့် ၂၀၂၁ ခုနှစ် ပြည်သူနွေဦး အရေးတော်ပုံကြီးမှာ အောက်ပါ လှံတံကြီး ၇ လက်ကို အားကောင်းမောင်းသန်ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
၁) CDM ပြည်သူ့ဝန်ထမ်းအာဏာဖီဆန်ရေး
၂) General Strike ပြည်သူအထွေထွေသပိတ်
၃) CRPH ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
၄) NUG အမျိုးသားညီညွတ်ရေးပြည်သူ့အစိုးရ
၅) စစ်မှန်သောတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်(EAOs) အင်အားစုများ
၆) PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ
၇) ပြည်သူလူထုမှ စစ်ဆန့်ကျင်ရေး လူမှုရေး၊ စီးပွားရေးဒဏ်ခတ်မှု
ပထမလှံတံဖြစ်တဲ့ CDM ပြည်သူ့ဝန်ထမ်း အာဏာဖီဆန်ရေးမှာ ပါဝင်ကြတဲ့ နိုင်ငံဝန်ထမ်း ပေါင်းစုံဟာ သူတို့ရဲ့ဝန်ထမ်းဘဝ စားဝတ်နေရေး အခြေကျနေမှုနဲ့ ပင်စင်ခံစားခွင့်တွေကို စွန့်လွှတ်ရမှာကို စိုးရွံ့တဲ့ အကြောက်တရားကို လွန်မြောက်ခဲ့ပြီး သမိုင်းမော်ကွန်းထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ထိုနည်းအတူပဲ ဒုတိယလှံတံ General Strike ပြည်သူ့အထွေထွေသပိတ်မှာ ၉ လကျော်ထိတိုင် မပျက်မကွက် လမ်းပေါ်တက်ပြီး မတရားမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေဟာ ဖမ်းဆီးညှဉ်းပန်းနှိပ်စက် သတ်ဖြတ် ထောင်ချခံရမယ့် အရေးကို စိုးရွံ့တဲ့ အကြောက်တရားကို လွန်မြောက်ခဲ့ပြီး ဆက်လက်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
တတိယနဲ့ စတုတ္ထလှံတံတွေ ဖြစ်တဲ့ CRPH ကိုယ်စားလှယ်တွေနဲ့ NUG အစိုးရအဖွဲ့ဝင်တွေ ကလည်း မိသားစု ဘဝအားလုံးကို ကျောခိုင်းစွန့်ခွာလို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် လွတ်မြောက်တဲ့ နယ်မြေမှာ စွန့်စားသွားရောက်လို့ အသက်အန္တရာယ် ကျရောက်မယ့်ဘေးကို စိုးရွံ့တဲ့ အကြောက်တရားကို လွန်မြောက်ခဲ့ကြလို့ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပဉ္စမလှံတံဖြစ်တဲ့ စစ်မှန်သော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် (EAOs) အင်အားစုများဟာလည်း မိမိလူမျိုးတမျိုးတည်း အရေး၊ တဘာသာတည်း အရေးကို ပြည်ထောင်စုတခုလုံးအရေး နောက်မှာထားပြီး စစ်အာဏာရှင် ဖက်ဆစ်စစ်တပ်ကို နှစ်ပေါင်း ၇၀ ကျော်ရင်ဆိုင်ရင်း မိမိတပ်ဖွဲ့တွေ အသက်အန္တရာယ်ဆုံးရှုံးရမယ့် ခြေပြတ် လက်ပြတ် ဘဝတုံးရမယ့် ဘေးကို စိုးရွံ့တဲ့ အကြောက်တရားကို ကျော်လွှားရပ်တည်နေကြတာ ဖြစ်ပါတယ်။
ဆဋ္ဌမလှံတံကတော့ ပြည်သူအများစုရဲ့ စိတ်ဝင်စားမှုအများဆုံးရနတဲ့ PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပဲ ဖြစ်ပါတယ်။ စစ်ရေးအတွေ့အကြုံနည်းပေမဲ့ အရေးကြုံတော့ သက်လုံကောင်းတယ်ဆိုသလို ပြည်သူကို တရားမဲ့ သတ်ဖြတ်ဗိုလ်ကျနေတဲ့ လက်နက်အား သာလွန်ပြီး စစ်ရည်ဝနေတဲ့ မိစ္ဆာစစ်ဘီလူးတွေကို ရင်ဆိုင်ဖို့ မိမိအသက်နဲ့ ခန္ဓာကို စွန့်လွှတ်ရနိုင်တယ်ဆိုတဲ့ အနီးကပ်ဘေးအန္တရာယ်ကြီးကို စိုးရွံ့တဲ့ အကြောက်တရားကို ကျော်လွှားလို့ အစားဆင်းရဲ အနေဆင်းရဲခြင်း ကြီးစွာနဲ့ စိန်ခေါ်မှုများစွာကို ဒူးမထောက် လက်မမြှောက်ဘဲ ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။
နောက်ဆုံး သတ္တမလှံတံကတော့ စစ်အုပ်စုနဲ့ ထောက်ခံဝိုင်းရံတဲ့ အသိုင်းအဝိုင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်ရှင်ရဟန်းတွေ၊ နောက်ဆုံး မိမိမိတ်ဆွေအ ပေါင်းအသင်း ဆွေမျိုးမိသားစုဝင်တွေတောင် ပြည်သူလူထုက လူမှုရေးဒဏ်ခတ်တာ၊ စစ်တပ်နဲ့ ဦးပိုင်ကုမ္ပဏီထုတ်ကုန်တွေ အားမပေးတာ၊ မသုံးစွဲကြတာ၊ Blood Money ဖြတ်တောက် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ စီးပွားရေးဒဏ်ခတ်လာကြပါတယ်။
လူမှုရေးအပြစ်ဒဏ်အဖြစ် မိတ်ဆွေစာရင်းက ထုတ်ပစ်တာမျိုး၊ သာရေး နာရေး မပတ်သက်တာမျိုးတွေကို လက်ရှိဝန်ထမ်း Non CDM တွေနဲ့ စစ်တပ်ထဲက လက်ရှိ အလုပ်လုပ်နေသူတွေ၊ စစ်တပ် လုပ်ရပ်ကို ထောက်ခံဝိုင်းရံသူ လူရှင်ရဟန်းမှန်ရင် ပြည်သူတိုင်းက ညီညီညာညာနဲ့ အခုထက်ပိုပြီး လူမှုရေးဒဏ်ခတ်ကြမယ်ဆိုရင် ပိုမိုထိရောက်ပြီး နွေဦးတော်လှန်ရေးကို ပိုပြီးမြန်မြန်အောင်မြင်စေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။
အထက်ပါလှံတံကြီး ၇ စင်းကို စစ်အာဏာရှင်စနစ် ဗုန်းဗုန်းပြိုကျအောင် ပစ်မှတ်မှာ အနက်ရှိုင်းဆုံး ထုတ်ချင်းခတ်စွဲနိုင်စေဖို့ စိတ်ပိုင်း ရုပ်ပိုင်း၊ ငွေကြေး၊ နည်းပညာ၊ လုပ်အားတွေ ပံ့ပိုးဝိုင်းရံနေကြတဲ့ အင်အားစုတွေကတော့ ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံသူနိုင်ငံသားတွေ၊ မိတ်ဆွေနိုင်ငံတွေ၊ လူမှုအဖွဲအစည်းပေါင်းစုံ ဖြစ်ကြပါတယ်။
ပြသနေတဲ့ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာ အခြေအနေ အရပ်ရပ်က ညွှန်ပြနေတဲ့ ညွှန်ကိန်းတွေအရ စစ်အာဏာရှင်စနစ်ဟာ အဘက်ဘက်က ကျဆုံးလာနေ ပါပြီ။
မြန်မာ့နွေဦးတော်လှန်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲကြတဲ့ အညတြအာဇာနည် အထောင် အသောင်းတို့နဲ့တကွ မိမိတနိုင်တပိုင် နိုင်ရာဝန်ထမ်းပြီး ဝိုင်းရံထောက်ပံ့ကြတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ စွန့်လွှတ်စွန့်စား ကြိုးပမ်းမှုတွေ စုပေါင်းစွမ်းအားတွေကြောင့် စစ်အဏာရှင်စနစ်ဟာ မကြာခင် ပြိုကျချုပ်ငြိမ်းတော့မှာ အသေအချာပါပဲ။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် လက်နက်အားကိုးနဲ့ အကြောက်တရားကို ဖန်တီးပြီး ဖိနှိပ်အုပ်ချုပ်တတ်တဲ့ စစ်အာဏာရှင်စနစ်အတွင်းမှာပဲ မြန်မာပြည်သူအများစုဟာ နိုင်ငံရေး အသိတွေ နိုးကြားလာလို့ သူတို့စိတ်သန္တာန်မှာ မကြောက်တရားတွေ ဖြစ်ထွန်းဖွဲ့တည်လာပြီး အကြောက်တရားတွေ လွန်မြောက်ခဲ့ရာက တနေ့ထက်တနေ့ ဘယာဂတိတွေ တဖြည်းဖြည်း လျော့ပါးလာခဲ့ကြပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သင်ကြားလမ်းပြခဲ့သလိုပါပဲ။ ပုထုဇဉ်လူသားတိုင်းမှာ အကြောက်တရားဆိုတာ ရှိကြပေမဲ့ အသိဉာဏ်ဦးစီးပြီး ကြောက်ကြောက်နဲ့ လုပ်သင့်တာ လုပ်ထိုက်တာကို လုပ်ရဲတာဟာ တကယ့်သတ္တိဆိုတာ နောက်လိုက်ကောင်း ပီသတဲ့ ပြည်သူတွေဟာ နားလည်သဘောပေါက်လာခဲ့ကြပါတယ်။
လက်တွေ့မှာလည်း မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘဝတွေ စွန့်လွှတ်ပြီး သက်သေပြခဲ့ကြတာမို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေဆိုတာ အဓမ္မကို ဆန့်ကျင်ရာမှာ ရဲဝံ့တဲ့ သတ္တိ ဗျတ္တိတွေ ရှိတဲ့ လူမျိုးတွေလို့ ကမ္ဘာက အံ့ဩချီးမွမ်း အသိအမှတ်ပြုနေကြရပါပြီ။
မင်းကောင်းချစ်