ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လို့ ရပ်ကွက်တွင်း လက်နက်ကြီးကျည်ကျရောက်ပါက်ကွဲပြီး လူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီလောက်က ဖယ်ခုံမြို့နယ်က ကုန်းဆုံဘုရားကနေ လက်နက်ကြီးတွေ ပစ်ခတ်ရာက ဖယ်ခုံမြို့ ညောင်ပင်သာရပ်ကွက်မှာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။
ဒေသခံတဦးက “လက်နက်ကြီးက သူတို့ ဒီတိုင်းရမ်းပစ်တာ၊ အခုက ကျနော်ဦးလေးအိမ်က ညောင်ပင်သာ ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက်နားမှာ ရှိတယ်လေ။ အဲဒီလက်နက်ကြီးက သစ်ပင်ကိုမှန်တာ။ မှန်တော့ ယမ်းစလာမှန်တာ သူတို့ကို၊ ညီမက အဝတ်လှန်းနေရင်း ထိတာ။ နောက် ဦးလေးက ဆိုင်ကယ်ပေါ် တက်ခွနေချိန် မှန်သွားတာ။ တယောက်က လက်မှာ ခြစ်ပြီး ယမ်းစမှန်ရုံလေးပဲ။ ဦးလေးကတော့ လက်မောင်းအရိုးတွေ ဘာတွေ အကုန်လုံးကြေသွားတယ်။”
လက်မောင်းကြေသွားတဲ့ ဦးလေးကို တောင်ကြီးဆေးရုံဆီ ပို့ဆောင်ကုသပေးနေတယ်လို့လည်း ပြောပါတယ်။
ဒီနေ့မနက်မှာ ဖယ်ခုံမြို့အနီး တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ စစ်ကောင်စီတပ်ဘက်က အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ကုန်းဆုံဘုရားတောင်ပေါ် ဖယ်ခုံ PDF၊ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေက ဖယ်ခုံမြို့မှာ အင်အားအများအပြား တိုးချဲ့လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။
အဆိုပါနေ့မှာ စစ်ကောင်စီဘက်က ဖယ်ခုံမြို့တွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။