မန္တလေးမြို့တွင် အကွက်မှူးတစ်ဦး သေနတ်ဖြင့် အပစ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်မှာ အောက်နိုဘာလ ၂၆ ရက် မနက် ၇ နာရီအချိန်လောက်က အကွက်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခံရသူဟာ အသက် (၄၀) ဝန်းကျင်အရွယ် အောင်ပင်လယ်ရပ်ကွက် အကွက်မှူး ဦးကျော်ကျော်ဆိုသူ ဖြစ်ပြီး သေနတ်ဒဏ်ရာကြောင့် ကုတင် (၃၀၀) ဆေးရုံကို တင်ထားရတယ်လို့ သိရပါတယ်။
“သေနတ်နဲ့ အပစ်ခံရသူက စစ်ကောင်စီသတင်းပေး။ မနက်က ပစ်သွားတာ နှစ်ချက်မှန် တယ်ကြားတယ်။ သေတာတော့ မသေဘူး။ ဆေးရုံတင်ထားရတယ်။” လို့ အောင်ပင်လယ် ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဦးကျော်ကျော် ဟာ အိမ်ရှေ့ တံမြက်စည်းလှည်းနေချိန် ဆိုင်ကယ်နဲ့ အမည်မသိ လူ (၂) ဦးက သေနတ်နဲ့ (၃) ချက်ပစ်သွားပြီး ဘယ်ဘက်ဂျိုင်းအောက် ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ညာဘက်နားရွက် နဲ့ လည်ပင်းတို့မှာ ယှက်ထိဒဏ်ရာ (၁)ချက်တို့ ရရှိခဲ့တယ်လို့ သိရပါတယ်။
အကွက်မှူး သေနတ်နဲ့ ပစ်ခံရပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တွေရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။